Politics, Law & Military
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ရှိ အကျဉ်းထောင်အတွင်း ဖုန်းဟန်းဆက် သွင်းယူသူများအား ဥပဒေနှင့် အညီအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိ
ရန်ကုန်၊ မေ ၁၁ ရက် (ဆင်ဟွာ)
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ရှိ အကျဉ်းထောင်အတွင်း တားမြစ်ပစ္စည်းဖြစ်သည့် ဖုန်းဟန်းဆက် သွင်းယူသူများအား ရွှေဘိုမြို့မရဲစခန်းတွင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ရွှေဘိုမြို့မ ရဲစခန်းက တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၌ မေ ၈ ရက် ညနေ ၄ နာရီခွဲက ရွှေဘိုအကျဉ်းထောင်အတွင်း အကျဉ်းသားများ ဆူပူမှုဖြစ်ပွားခဲ့ပုံများနှင့် ပစ်ခတ်မှုကြောင့် အကျဉ်းသား ထိခိုက်သေဆုံးမှုအပေါ် အကျဉ်းသားတစ်ဦးက လူမှုကွန်ရက်ပေါ် တွင် Live လွှင့်တင်ခဲ့မှုနှင့်ပတ်သက်၍ အကျဉ်းဦးစီးဌာန ရွှေဘိုအကျဉ်းထောင် အိပ်ဆောင် (၃) ကို မေ ၉ ရက်တွင် အကျဉ်းဦးစီးဌာန ဝန်ထမ်းများက အထူးရှာဖွေရေးဆောင်ရွက်ခဲ့ရာ အိပ်ဆောင် (၃) အခန်း (၂) ရှိ အကျဉ်းသား ကောင်းခန့်ကိုကို (ခ) ကြယ်စင်ထွန်း (ခ) ကောင်းခန့်သူထံမှ ဖုန်းဆင်းကတ်နှင့် Vivo အမှတ်တံဆိပ်ပါ ဟန်းဆက် အမျိုးအစား ဖုန်းတစ်လုံးကို ရှာဖွေသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အကျဉ်းသား ကောင်းခန့်ကိုကို (ခ) ကြယ်စင်ထွန်း (ခ) ကောင်းခန့်သူအား စစ်ဆေးရာမှ အကျဉ်းထောင်တပ်သား မိုးကျော်ဇင်အောင်က ပေးသွင်းခဲ့၍ ရရှိခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း၊ သို့ဖြစ်၍ အကျဉ်းထောင်အတွင်းသို့ ပေးသွင်းခြင်းမပြုလုပ်ရန် တားမြစ်ပိတ်ပင်ထားသော လက်ကိုင်ဖုန်းအား လက်ဝယ်ပိုင်ဆိုင် ထားရှိခဲ့သူများဖြစ်ကြသော အကျဉ်းသား ကောင်းခန့်ကိုကို (ခ) ကြယ်စင်ထွန်း (ခ) ကောင်းခန့်သူ၊ အာကာဦး၊ မိုးနိုင်တို့ သုံးဦးနှင့် အကျဉ်းထောင်အတွင်းသို့ လက်ကိုင်ဖုန်းပေးသွင်းသူ အကျဉ်းထောင်တပ်သား မိုးကျော်ဇင်အောင် တို့အား အကျဉ်းထောင် အက်ဥပဒေပုဒ်မ – ၄၂ နှင့်အညီ အရေးယူပေးပါရန် ရွှေဘို မြို့မရဲစခန်းသို့ အကြောင်းကြား တိုင်ကြား သဖြင့် ရွှေဘိုမြို့မရဲစခန်းတွင် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)