Politics, Law & Military
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံရန် ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများ ပြီးဆုံးချိန်တွင် နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်သွားမည်
ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးနိုင်ရေး အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ငန်းများ ပြီးဆုံးချိန်တွင် နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) က ယနေ့ သတင်း ထုတ်ပြန်သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရရှိထားမှုအပေါ် ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အမျိုးသား ပြန်လည် ရင်ကြား စေ့ရေးအတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ ဆွေးနွေးရန် တောင်းဆိုမှု အပေါ် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ ပြီးဆုံးချိန်တွင် နှစ်ဖက် ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
နိုင်ငံတော် သမ္မတ ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် လွှတ်တော် နေရာ အများစုဖြင့် ဦးဆောင် အနိုင်ရနေမှုအပေါ် ဂုဏ်ပြုကြောင်း ၊ သတ်မှတ် အချိန်များ အတိုင်း အေးချမ်း တည်ငြိမ်စွာ လွှဲပြောင်း နိုင်ရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ဒေါ်အောင်ဆန်းစုကြည် အဆိုပြုသည့် တွေ့ဆုံ ဆွေးနွေးရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ရွေးကောက်ပွဲ လုပ်ငန်းများ ပြီးဆုံးချိန်တွင် နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်ကို တာဝန်ပေး ပြန်ကြားခဲ့ကြောင်းကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ် အမှုဆောင် အဖွဲ့မှ ယနေ့နိုဝင်ဘာလ ၁၁ ရက်တွင် သတင်း ထုတ်ပြန်ခဲ့သည်။
ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း အနေဖြင့်လည်း အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနှင့် အခြားကိစ္စများ ဆွေးနွေးနိုင်ရန် အတွက် ဒေါ်အောင်ဆန်းစုကြည် နှင့်လာမည့် အပတ်အတွင်း တွေ့ဆုံရန် စီစဉ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်း၏ Facebook စာမျက်နှာမှ တစ်ဆင့် ထုတ်ပြန်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသား ပြန်လည် သင့်မြတ်ရေး သဘောထားကို အခြေခံပြီး နိုင်ငံတော် သမ္မတ ၊ ပြည်ထောင်စု လွှတ်တော် နာယက ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် လာမည့် တစ်ပတ်အတွင်း တွေ့ဆုံ ဆွေးနွေးရန့်တစ်ဦးချင်းစီထံသို့ နိုဝင်ဘာ ၁၀ ရက်စွဲဖြင့် စာပေးပို့၍ တောင်းဆိုခဲ့ခြင်းဖြစ်သည်။ (Xinhua)