Connect with us

Politics, Law & Military

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း လားရှိုး မဲဆန္ဒနယ်တွင် ထောက်ခံမဲ ၃၀,၉၀၉ ဖြင့် အနိုင်ရဟု ကော်မရှင် ထုတ်ပြန်

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ဇွန်လ ၈ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပသော တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်သည့် (၆၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် မိန့်ခွန်း ပြောကြားနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် လားရှိုး မဲဆန္ဒနယ်တွင် ပြည်သူလွှတ်တော် ကိုယ်စားလှယ်လောင်း ဝင်ရောက် ယှဉ်ပြိုင်သော ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ထောက်ခံမဲ ၃၀,၉၀၉ ဖြင့် အနိုင် ရရှိသွားကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ထုတ်ပြန် ကြေညာသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြည်သူ့လွှတ်တော် အတွက် ၂၇ နေရာ တိုင်းဒေသကြီး လွှတ်တော် အတွက် ၅၂ နေရာတွင် အနိုင်ရ ကိုယ်စားလှယ်များ ယနေ့ ကြေညာသည့် စာရင်းတွင် ဒေါက်တာ စိုင်းမောက်ခမ်း ပါဝင်လာခဲ့သည်။

အဆိုပါ လားရှိုး မဲဆန္ဒနယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးထွန်းရွှေ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း နေရာအတွက် ယှဉ်ပြိုင်ရာတွင် ဒေါက်တာ စိုင်းမောက်ခမ်း အနိုင်ရမှုအပေါ် အငြင်းပွားမှုများလည်း ရှိခဲ့သည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်သော အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် မဲရလဒ်များကို မြင်တွေ့ရစဉ် (ဓာတ်ပုံ-UEC)

ယနေ့ နံနက် ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာသည့် ပြည်သူ့လွှတ်တော် အတွက် ၂၇ နေရာ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၁၇ နေရာ အနိုင်ရကာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ၆ နေရာ၊ ပအို့ဝ်း ပါတီ (PNO) က ၂ နေရာ ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD) ၁ နေရာနှင့် တအောင်း (ပလောင်) အမျိုးသားပါတီ ၁ နေရာ အနိုင်ရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
တိုင်းဒေသကြီး လွှတ်တော်အတွက် (၅၂ )နေရာမှာ NLD က ၃၄ နေရာအနိုင်ရကာ USDP က ၉ နေရာ SNLD ၆ နေရာ ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ ၁ နေရာ ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ ၁ နေရာနှင့် ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၁ နေရာ အနိုင် ရခဲ့သည်။
နိုဝင်ဘာလ (၁၂) ရက် မနက် (၉) နာရီ အထိ ထုတ်ပြန်ခဲ့သော လွှတ်တော်သုံးရပ် အတွက် စုစုပေါင်း အနိုင်ရ ကိုယ်စားလှယ် စာရင်းမှာ ၇၀၆ ဦးရှိနေပြီ ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ၅၈၇ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၆၆ ဦး၊ နှင့် အခြားပါတီများက ၅၃ ဦး ပါဝင်နေပြီ ဖြစ်သည်။ (Xinhua)