Politics, Law & Military
တိုင်းဒေသကြီး/ ပြည်နယ်နှင့် ဒေသဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီများ ဖွဲ့စည်းရေး ဆွေးနွေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
တိုင်းဒေသကြီး/ ပြည်နယ်နှင့် ဒေသဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီများ ဖွဲ့စည်းနိုင်ရေးကို ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U) ၏ စတုတ္ထအကြိမ် အစည်းအဝေးအဖြစ် ယနေ့ဆွေးနွေးခဲ့သည်။
ပြည်ထောင်စုအဆင့် ရုံးအဖွဲ့ လုပ်ငန်းလမ်းညွှန် (TOR for Technical Secretariat Center of JMC-U)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ရုံးအဖွဲ့ လုပ်ငန်းလမ်းညွှန် ( TOR of Secretariat of JMC-S)၊ ဒေသဆိုင်ရာ အဆင့် (TOR of Secretariat of JMC-L) တို့တွင် ခန့်အပ်ရမည့် ဌာနအကြီးအကဲ ရာထူး အသီးသီး အတွက် တာဝန်နှင့် လုပ်ပိုင်ခွင့်များ ဆွေးနွေးခြင်း၊ ဝန်ထမ်း ရွေးချယ်ရေး အဖွဲ့အတွက် အမည်စာရင်းများ ဆွေးနွေး အတည်ပြုခြင်း တို့အား ဆွေးနွေး နိုင်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စု အဆင့်၌ အစိုးရအဖွဲ့ဝင် ၁ဝ ဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင် ၁ဝ ဦး၊ အရပ်ဘက် လူ့အဖွဲ့အစည်းက ခြောက်ဦး စုစု ပေါင်း ၂၆ ဦးနှင့် ဖွဲ့စည်းနိုင်ပြီဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၌ အစိုးရ အဖွဲ့ဝင် ငါးဦး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင် ငါးဦး၊ အရပ်ဘက် လူ့အဖွဲ့အစည်းမှ လေးဦး စုစုပေါင်း ၁၄ ဦးနှင့် ဖွဲ့စည်းသွားမည်ဖြစ်သည်။
ဒေသဆိုင်ရာ အဆင့်၌ အစိုးရဘက်မှ သုံးဦး၊ တိုင်းရင်းသား လက်နက်ကိုင် ဘက်မှ သုံးဦး၊ အရပ်ဘက် လူ့အဖွဲ့အစည်းက နှစ်ဦး စုစုပေါင်း ရှစ်ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်သည်။
တိုင်းဒေသကြီး/ ပြည်နယ်နှင့် ဒေသဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီများ ဖွဲ့စည်းရေးအတွက် ယနေ့ ထပ်မံဆွေးနွေးလျက်ရှိသည်။
တနင်္သာရီတိုင်း ဒေသကြီး ပစ်ခတ် တိုက်ခိုက်မှု ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ(ဲJMC-S)ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် ထပ်မံ ဖွဲ့စည်းသွားမည် ဖြစ်သည်။ (Xinhua)