Politics, Law & Military
တိုင်းရင်းသား နေ့ထူးနေ့မြတ်ရုံးပိတ်ရက်များအတွက် ပြည်ထောင်စုအစိုးရက သတ်မှတ်ပေးမည်မဟုတ်
နေပြည်တော်၊ ဇွန် ၁ ရက် (ဆင်ဟွာ)
တိုင်းရင်းသားလူမျိုးများကို အခြေခံသော အထင်ကရ နေ့ရက်များအား တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသများတွင် ဒေသအာဏာပိုင်များ၏ ဆုံးဖြတ်ချက်အရ သက်ဆိုင်ရာ ဒေသတွင်း ရုံးပိတ်ရက်များအဖြစ် သတ်မှတ်နိုင်ကြောင်း တိုင်းရင်းသား ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဖြေကြားခဲ့သည်။
“ဒေသတွင်း လူမျိုးအခြေခံတဲ့ အထင်ကရ နေ့ထူးနေ့မြတ်တွေကို တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်နိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း၊ ဒေသများရဲ့ ဒေသ အာဏာပိုင်တွေက စဉ်းစား ချင့်ချိန် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်၊ ပြည်ထောင်စု အစိုးရက သတ်မှတ်ပေးရန်မရှိပါ၊ တိုင်းရင်းသား လူမျိုးများ အခွင့်အရေး ဥပဒေမှာလည်း ဒေသ အာဏာပိုင်များကို ဆုံးဖြတ်ပိုင်ခွင့် အပြည့်အ၀ ပေးထားပြီး ဖြစ်ပါတယ်၊ ပြဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေကို မဆန့်ကျင်ရင် လွတ်လပ်စွာ လုပ်ပိုင်ခွင့်ပြုထားပါတယ်” ဟု ဖြေကြားခဲ့သည်။
မြေပုံမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း မေးမြန်းစဉ် (ဆင်ဟွာ)
ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း၏အမေးကို ၎င်းက ပြန်လည်ဖြေကြားခြင်းဖြစ်ပြီး အဆိုပါ တိုင်းရင်းသားတို့၏ လူမျိုး အခြေခံ အထင်ကရနေ့များကို တစ်နိုင်ငံလုံးအတွက် တရားဝင် ရုံးပိတ်ရက်အဖြစ် ပြည်ထောင်စု အစိုးရက သတ်မှတ်ပေးရေးကမူ မဖြစ်နိုင်ကြောင်း အဆိုပါ နေ့ထူးနေ့မြတ်များကို ဒေသ အာဏာပိုင်များက ချင့်ချိန် စဉ်းစား ဆုံးဖြတ်ပြီး ဒေသတွင်း ရုံးပိတ်ရက်အဖြစ်သာ သတ်မှတ်ပေးရမှာ ဖြစ်ကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ရှင်းပြခဲ့သည်။ (Xinhua)