Connect with us

Politics, Law & Military

သံတမန်ဇုန်သို့ နိုင်ငံတကာ သံရုံးများ အမြန်ရွှေ့ပြောင်းရေး စီစဉ်လျက်ရှိ

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်၇ွက်ရေး ၀န်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ ရှင်းလင်းတင်ပြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၃၁ ရက်(ဆင်ဟွာ)

နေပြည်တော်၊ ဒက္ခိဏ သီရိမြို့နယ်ရှိ သံတမန်ဇုန်သို့ နိုင်ငံတကာ သံရုံးများ အမြန်ပြောင်းရွှေ့လာနိုင် ရေး အတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ ယနေ့ ညနေ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“သံတမန်ဇုန်မှာ သံရုံးတွေအတွက် မြေကွက်တွေ နေရာချထားပေးပြီးဖြစ်ပါတယ်။ လက်ရှိ သံရုံး ၁၅ ရုံးကနေ မြေကွက် ၂၉ ကွက် အဆိုပြုထားပြီးဖြစ်ပါတယ်၊တတ်နိုင်သရွေ့ စောစော ပြောင်းဖို့ ကျွန်တော်တို့ တိုက်တွန်း ဆောင်ရွက် နေပါတယ်”ဟု ၎င်းက ပြောခဲ့သည်။

ထိုသို့ပြောင်းရွှေ့ရေးလုပ်ငန်းများ မြန်ဆန်စေရန် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် နေပြည်တော် စည်ပင်သာယာရေး ကော်မတီနှင့် ဆက်သွယ် ညှိနှိုင်းပြီး လုပ်ထုံး လုပ်နည်းများကို အတတ်နိုင်ဆုံး လျှော့ချပေးဖို့ ဖြေ လျှော့ပေးဖို့ ညှိနှိုင်းဆေင်ရွက်ပေးလျက်ရှိကြောင်းလည်း အမြဲတမ်း အတွင်းဝန်က ပြောခဲ့သည်။

မြန်မာနိုင်ငံ၏ သံတမန်ဆက်ဆံရေးနှင့် ပတ်သက်ပြီး ၎င်းက “ကျွန်တော်တို့အနေနဲ့ နိုင်ငံတကာနဲ့ သံတမန်ဆက်ဆံရေး တိုးမြှင့် ဆောင်ရွက်သလို ကျွန်တော်တို့ရဲ့ Representation တိုးမြှင့်ဖို့လည်း ဆောင်ရွက်နေပါတယ်။ မကြာခင်မှာ ပေါ်တူဂီ သံရုံး ရန်ကုန်မှာ ဖွင့်ဖို့အတွက် စတင် ဆွေးနွေးနေပါပြီ၊ အလားတူပဲ ကျွန်တော်တို့အနေနဲ့ ဥရောပမှာ သံရုံးတွေ ဖွင့်ထားတာ ရှိပါတယ်။ နိုင်ငံရေး တစ်ခုတည်း မဟုတ်ဘူး။စီးပွားရေး၊ လူမှုရေး၊ နိုင်ငံ ပေါင်းစုံမှာ ကျွန်တော်တို့ကို အကျိုးပြု နိုင်တဲ့ နိုင်ငံဆိုရင် ကျွန်တော်တို့ သံရုံးတွေ ဖွင့်လှစ်သွားမှာပါ” ဟု ရှင်းပြခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနှင့် ပိုမို ထိတွေ့ဆောင်ရွက်နိုင်ရန် မြန်မာသံရုံးများ၊ အဖွဲ့ရုံးများ၊ ကောင်စစ်ဝန်ချုပ်ရုံးများ ဖွင့်လှစ်ထားရှိပါကြောင်း၊ လက်ရှိအားဖြင့် မြန်မာသံရုံး ၃၅ ရုံး၊ အဖွဲ ့ရုံး ငါးရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး ခြောက်ရုံး — စုစုပေါင်း ၄၆ ရုံး ဖွင့်လှစ်ထားရှိပြီးဖြစ်သည့်အပြင် ဂုဏ်ထူး ဆောင် ကောင်စစ်ဝန်ချုပ်ရုံး ၁၃ ရုံးကိုလည်း ဖွင့်လှစ်ထားရှိပြီး ဖြစ်ကြောင်း၊ ဒုတိယ တစ်နှစ်တာ ကာလ အတွင်း မော်လ်တာ၊ အီကွေဒေါ၊မာရှယ်အိုင်းလန်း၊ လိုင်ဘေးရီးယား၊ခရိုအေရှား၊ ဗာတီကန် စီတီ တို့နှင့် သံတမန် ဆက်သွယ်မှုများ ဆောင်ရွက်နိုင်ခဲ့ပြီး အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဒိုမီနီကန် သမ္မတနိုင်ငံတို့နှင့်လည်း သံတမန်ဆက်သွယ်မှု စတင်ဆောင်ရွက်လျက် ရှိကြောင်း၊ ကမ္ဘာ့ နိုင်ငံ ၁၉၃ နိုင်ငံ ရှိသည့်အနက် ၁၂၁ နိုင်ငံနှင့် သံတမန်ဆက်သွယ်ထားရှိပြီးကြောင်း၊ လာမည့်နှစ် များတွင် ကာရေဘီယန်ဒေသ၊ လက်တင်အမေရိကဒေသ ရှိ နိုင်ငံများနှင့် နှစ်နိုင်ငံ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးများ မြှင့်တင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း၊ ထို့အပြင် သြစတြေးလျ၊ ဆွစ်ဇာလန်၊ အက်စတိုးနီးယား၊ နယူးဇီလန်၊ ကိုလံဘီယာ စသည့် နိုင်ငံများနှင့် ဆွေးနွေးမှု mechanism (foreign office consultation) များကို ထိုနိုင်ငံများ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန များနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.