Politics, Law & Military
နိုင်ငံတော် သမ္မတ ဦးထင်ကျော် အာဆီယံ-ရုရှား ဆက်ဆံရေးနှစ် (၂၀) ပြည့် အထိမ်းအမှတ် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် ယနေ့သွားရောက်
ရန်ကုန် ၊ မေ ၁၈ ရက် (ဆင်ဟွာ)
အာဆီယံ-ရုရှား ဆက်ဆံရေးနှစ် (၂၀) ပြည့် အထိမ်းအမှတ် ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ရုရှား ဖက်ဒရေးရှင်း နိုင်ငံသို့ ယနေ့၁၈ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်း ခရီးဖြင့် ထွက်ခွာ သွားခဲ့သည်။
ရုရှား ဖယ်ဒရေးရှင်းနိုင်ငံ ၊ ဆိုချီမြို့တွင် မေလ ၁၉ ရက်မှ ၂၀ ရက်အထိ ကျင်းပမည့် အာဆီယံ-ရုရှား ဆက်ဆံရေး အနှစ် (၂၀) ပြည့်အထိမ်းအမှတ် ထိပ်သီး အစည်းအဝေးတွင် အာဆီယံနှင့် ရုရှားနိုင်ငံတို့ အကြား ရှိရင်းစွဲ ပူးပေါင်း ဆောင်ရွက်မှုအား ပိုမိုမြင့်တင်ရန် အပါအဝင် အနာဂတ် ကာလတွင် ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရေး ဆိုင်ရာ နည်းလမ်းများကိုလည်း ဆွေးနွေးသွားရန် ရှိမည် ဖြစ်သည့် အပြင် မိတ်ဖက် ဆက်ဆံရေး၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးတို့ ပါဝင်သည့် ဆိုချီ ကြေညာချက်ကို ထုတ်ပြန်ရန် ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။
နိုင်ငံတော် သမ္မတ ဦးထင်ကျော် နှင့် အဖ့ွဲ ရုရှား ဖက်ဒရေးရှင်း နိုင်ငံသို့ ထွက်ခွာစဉ် (ဓာတ်ပုံ-နိုင်ငံခြားရေးဝန်ကြီးဌာန)
နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် အတူ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်တို့ နှင့်အတူ နိုင်ငံခြားရေး ဝန်ကြီးဌာန နှင့် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့မှ အဆင့်မြင့် အရာရှိကြီးများ လိုက်ပါ သွားခဲ့ကြကြောင်း သိရသည်။ (Xinhua)