Connect with us

Politics, Law & Military

အမေရိကန် နိုင်ငံမှ စီးပွားရေး ပိတ်ဆို့မှု ဖြေလျှော့ပေးမှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမို ဝင်ရောက် လာရန် မျှော်လင့်ပြီး ကြိုဆို

အမေရိကန်က မြန်မာနိုင်ငံ၏ နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းများနှင့် ဘဏ်အချို့အား အရေးယူပိတ်ဆို့မှု ဖယ်ရှားကြောင်း ထုတ်ပြန်ချက်အား တွေ့ရစဉ် (ဓာတ်ပုံ-U.S DEPARTMENT OF THE TREASURY)

ရန်ကုန် ၊ မေ ၁၈ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံမှ စီးပွားရေး ပိတ်ဆို့မှု ဖြေလျှော့ပေးမှုကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုမို ဝင်ရောက် လာရန် မျှော်လင့်ပြီး ကြိုဆိုကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့် ရှိသူ ဦးဇော်ဌေးက ယနေ့မေလ ၁၈ ရက်တွင် ဆင်ဟွာ သတင်းဌာနသို့ပြောကြားခဲ့သည်။

“အမေရိကန် အနေနဲ ့နိုင်ငံခြားငွေ အလွှဲအပြောင်း အဓိက လုပ်ရတဲ့ နိုင်ငံပိုင် ဘဏ်ကြီးတွေကို ငွေကြေး လွှဲပြောင်းမှု ဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေကို ဖြေလျှော့ပေးတဲ့ အတွက် အရင်က စီးပွားရေး ပိတ်ဆို့မှုကြောင့် စီးပွားရေး ဆိုင်ရာ ငွေ အပေးအယူတွေကို စင်ကာပူနိုင်ငံ ကနေ တဆင့် လွှဲပြောင်းခဲ့ရလို့ အခက်အခဲ ဖြစ်ရတာတွေ ပြေလည်သွား နိုင်ပါတယ်။ အရင်က ငွေကြေးဆိုင်ရာ လွှဲပြောင်းမှု ဆိုင်ရာ အခက်အခဲ ရှိတဲ့အတွက် နိုင်ငံခြား တိုက်ရိုက ်ရင်းနှီးမြှုပ်နှံမှု တွေလည်း ထင်သလောက် မဝင်ရောက်လာနိုင်ပါဘူး။ အခုတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တွေလည်း ပို ဝင်ရောက်လာနိုင်ဖို့ မျှော်လင့်ပါတယ် ” ဟု နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

နိုင်ငံတော်ပိုင် ကျောက်မျက် ၊ သတ္တုနှင့် သစ် လုပ်ငန်းများကို ဖြေလျှော့ ပေးမှုသည် နိုင်ငံ၏ အဓိက ပို့ကုန်များ ဖြစ်သည့် အတွက် ပို့ကုန် ကဏ္ဍကို တိုးမြင့်လာနိုင်ကြောင်း ၊ စီးပွားရေး ပိတ်ဆို့မှုသည် ၎င်းတို့၏ ပြည်တွင်း မူဝါဒ ဖြစ်သော်လည်း မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှု ရှိသည့် အတွက် ယခုကဲ့သို့ ဖြေလျှော့မှုအား ကြိုဆိုရမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ထပ်မံ ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံက ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှုမှ ဖယ်ရှားရန် ဖြေလျှော့ပေးလိုက်သည့် စာရင်းတွင် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်း ၇ ခု နှင့် နိုင်ငံပိုင်ဘဏ် ၃ ခု ပါဝင်ကြောင်း မေလ ၁၇ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ထို နိုင်ငံပိုင် စီးပွားရေး လုပ်ငန်း ၇ ခု နှင့် နိုင်ငံပိုင်ဘဏ် ၃ ခုတို့မှာ မြန်မာ့ သစ်လုပ်ငန်း ၊ မြန်မာ့ ပုလဲ ထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း ၊ မြန်မာ့ ကျောက်မျက် ရတနာ ရောင်းဝယ်ရေး လုပ်ငန်း ၊ အမှတ်(၁) သတ္တုတွင်း လုပ်ငန်း ၊ အမှတ် (၂) သတ္တုတွင်း လုပ်ငန်း ၊ အမှတ် (၃) သတ္တုတွင်း လုပ်ငန်း နှင့် သမဝါယမ ပို့ကုန် သွင်းကုန် လုပ်ငန်းတို့ဖြစ်ပြီး နိုင်ငံတော် ဘဏ်များ ဖြစ်သည့် မြန်မာ့ စီးပွားရေးဘဏ် ၊ မြန်မာ့ နိုင်ငံခြား ကုန်သွယ်မှု ဘဏ်နှင့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်း ရောင်းဝယ်ရေးဘဏ်တို့ဖြစ်ကြောင်း သိရသည်။ (Xinhua)