Politics, Law & Military
နိုင်ငံတော် သမ္မတနှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးတွေ့ဆုံပြီး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေး
ရန်ကုန်၊ မေ ၃ ရက် (ဆင်ဟွာ)
နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Fumio KISHIDA တို့သည် ယနေ့ နိုင်ငံတော် သမ္မတ အိမ်တော်တွင် တွေ့ဆုံကာ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မည့် ရှေ့ဆက် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံမှုတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ၊ တရား ဥပဒေ စိုးမိုးရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အကူအညီပေးရေး၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ဖြစ်စဉ်တွင် ဂျပန်က ဖွံ့ဖြိုး တိုးတက်မှု မိတ်ဘက်အဖြစ် ဆက်လက် ဆောင်ရွက်သွားရေး၊ မြန်မာနိုင်ငံ၏ ငွေကြေး ဈေးကွက် ၊ ဘဏ္ဍာရေး ဈေးကွက်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖြစ်ထွန်းလာစေရေး၊ သီလဝါ အထူးစီးပွားရေး ဇုန်တွင် ဂျပန်လုပ်ငန်းရှင်များ ဆက်လက် ရင်းနှီးမြှုပ်နှံရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး ဆိုင်ရာ ကိစ္စရပ်များတွင် အကူအညီ ပေးရေး၊ ဒုတိယ ကမ္ဘာစစ် အတွင်း ကျဆုံးခဲ့သည့် ဂျပန်စစ်သည်များ၏ အရိုး ရှာဖွေ ကောက်ယူခြင်း လုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံ ပြည်သူများအကြား အကျိုးစီးပွား မြှင့်တင်နိုင်ရေး အတွက် Japan Myanmar Joint Initiative ဖွဲ့စည်း တည်ထောင် ဆောင်ရွက်ရေး ကိစ္စရပ်များ အပေါ် အဓိက ဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ဂျပန် နိုင်ငံခြားရေး ဝန်ကြီးအား လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)
နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ဂျပန် နိုင်ငံခြားရေး ဝန်ကြီးအား လက်ခံတွေ့ဆုံစဉ် (ဆင်ဟွာ)
နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးတို့ ရှင်းလင်းပွဲပြုလုပ်စဉ် (ဆင်ဟွာ)
နိုင်ငံတော် သမ္မတက မိမိတို့ အစိုးရသစ် စတင် တာဝန်ယူချိန်တွင် ဂျပန်အစိုးရက ကြိုဆိုမှု၊ ဂုဏ်ပြုမှုတို့ အတွက် ကျေးဇူးတင် ဝမ်းမြောက်ပါကြောင်း၊ ကူမာတိုမို ငလျင်ကိစ္စ ဖြစ်ပွားမှု အတွက် ဝမ်းနည်းပါကြောင်း၊ သံတမန် သက်တမ်း နှစ် (၆၀) ကျော် ကာလအတွင်း အကူအညီများစွာ ပေးအပ်ခဲ့ခြင်း အတွက် များစွာ ကျေးဇူး တင်ရှိ သကဲ့သို့ ဆက်လက် ကူညီပေးသွား နိုင်ရန်လည်း မျှော်လင့်ပါကြောင်း၊ တစ်လ သက်တမ်းသာ ရှိသေးသည့် အစိုးရ၏ ဆောင်ရွက်မှုများကို အသိအမှတ် ပြုခြင်း အတွက် ကျေးဇူး တင်ရှိပါကြောင်း၊ ပြည်သူတို့၏ ဆန္ဒကို တတ်နိုင်သမျှ ဖြည့်ဆည်းပေးသွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
မြန်မာနိုင်ငံ၏ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ် ဆောင်ရွက်ချက်များကို ဆက်လက် စောင့်မျှော်နေပြီး ဂျပန်အနေဖြင့် အာဆီယံနှင့် တကွ အာဆီယံနှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများနှင့် အတူ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Fumio KISHIDA က သမ္မတ ဦးထင်ကျော်နှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ဂျပန်နိုင်ငံခြားရေး ဝန်ကြီး H.E. Mr. Fumio KISHIDA သည် မေလ ၂ ရက်နေ့ ည ၇ နာရီက နေပြည်တော်သို့ ရောက်ရှိခဲ့ပြီး မေလ ၃ ရက်တွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ၊ နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့်လည်း တွေ့ဆုံခဲ့သည်။ (Xinhua)