Politics, Law & Military
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ထွက်ခွာ
ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Army General Sergey K. Shoigu ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၈ နာရီ ၃၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထွက်ခွာသွားကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် နှင့် တပ်မတော်အရာရှိကြီးများ အဖွဲ့ဝင်အဖြစ်လိုက်ပါသွားကြသည်။ အဆိုပါချစ်ကြည်ရေးခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးဆိုင်ရာများ ညှိနှိုင်းဆွေးနွေးခြင်း၊ ရုရှားနိုင်ငံ၏ စစ်ဘက်ဆိုင်ရာ သင်တန်းကျောင်းများ၊ ဌာနချုပ်များနှင့် စက်မှုလုပ်ငန်းများအား သွားရောက်လေ့လာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)