Politics, Law & Military
မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံမှုခင်းကြိုတင်ကာကွယ်တားဆီးရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် လက်မှတ်ရေးထိုး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)
မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံမှုခင်းကြိုတင်ကာကွယ်တားဆီးရေးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို ယနေ့ တတိယအကြိမ် မြန်မာ-ဗီယက်နမ် လုံခြုံရေးနှင့် တရားဥဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးအပြီး နှစ်နိုင်ငံ ဝန်ကြီးများ လက်မှတ်ရေးထိုးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဆက်လက်ပြီး ဝန်ကြီးအဆင့် ဆွေးနွေးသဘောတူညီချက် များပါဝင်သည့် အစည်းအဝေးမှတ်တမ်းတို့ကို လည်း နှစ်နိုင်ငံဝန်ကြီးများမှ လက်မှတ်ရေးထိုးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
တတိယအကြိမ် မြန်မာ-ဗီယက်နမ် လုံခြုံရေးနှင့် တရားဥဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးကို ယနေ့ နေပြည်တော်၊ ရုံးအမှတ်(၁၀)၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ စုစည်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးတွင် နှစ်နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု နိုင်ငံဖြတ်ကျော်မှုခင်းများ တိုက်ဖျက်ရေးကဏ္ဍတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာအပေါ်ခြိမ်းခြောက်နေသော အကြမ်းဖက်မှုခင်းများ တိုက်ဖျက်ရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးနှင့် စုံစမ်းဖော်ထုတ်ရေးတို့တွင် ရဲတပ်ဖွဲ့စွမ်းရည်မြှင့်တင်ရေး ဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်းတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံဝန်ကြီးဌာန တို့အကြား ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် သဘောတူညီချက်များကို ဆွေးနွေးအတည်ပြုခဲ့ကြောင်းသိရသည်။
ယင်းအစည်းအဝေးကို ဝန်ကြီးအဆင့်အစည်းအဝေးတွင် မြန်မာနိုင်ငံဘက်မှ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ဦးဆောင်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး အောင်ဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဘာသာရပ်ဆိုင်ရာ အရာရှိကြီးများနှင့် ဗီယက်နမ်နိုင်ငံဘက်မှ ဗီယက်နမ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်ကြီး တိုလမ် (Gen.TO LAM)၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Dr. Lun Thuy Duong နှင့် အဆင့်မြင့်အရာရှိကြီးများ၊ စုစုပေါင်း ၄၀ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။(Xinhua)