Connect with us

Politics, Law & Military

ဖုန်းဘေလ် မှားယွင်းဖြတ်တောက်မှု အမေးအဖြေကို ပြန်တမ်းတွင် ထည့်မည်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပါဝင်သည့် ဖုန်းဘေလ်များ မှားယွင်း ဖြတ်တောက်မှု၊ မလျော်မကန် ဖြတ်တောက်မှုဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်၏ အမေးနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်၏ အဖြေတို့သည် ပြည်သူလူထုတစ်ရပ်လုံး အတွက် အကျိုးရှိစေသောကြောင့် နိုင်ငံ တော် ပြန်တမ်းတွင် ထည့်သွင်းသွားမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယနေ့ ပြောကြားခဲ့သည်။

အောင်မြေသာစံ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာလှမိုး၏ “ဆက်သွယ်ရေး သုံးစွဲနေသူများအပေါ် စားသုံးသူ အခွင့်အရေး ချိုးဖောက်နေသော ဆက်သွယ်ရေး ကုမ္ပဏီများအား ဆက်သွယ်ရေး ဥပဒေ၊ နည်းဥပဒေ အရသော်လည်းကောင်း၊ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ၊ နည်းဥပဒေ အရသော်လည်းကောင်း ကြပ်မတ်စစ်ဆေးအရေးယူ ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ” ဟူသော မေးခွန်းကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသာဦးက ဖြေကြား အပြီးတွင် လွှတ်တော်ဥက္ကဋ္ဌက ပြောခဲ့ခြင်းဖြစ်သည်။

ဒေါက်တာ လှမိုးက တယ်လီကွန်း ဝန်ဆောင်မှု provider (မိုဘိုင်းဖုန်း အော်ပရေတာ)များသည် ဖြတ်တောက်မှု အမျိုးမျိုး ကို ပြုလုပ်နေ ကြကြောင်း၊ ထိုဝန်ဆောင်မှု များအား အသုံးပြုခြင်း မရှိဘဲ မှားယွင်း ဖြတ်တောက်ခံရမှု များ ကြောင့် မိမိတို့ မိသားစု အပါအဝင် နစ်နာသူ များစွာ ရှိနေကြောင်း၊ Complaint အကြိမ်ကြိမ် တက်မှ ပြန်လည် စစ်ဆေး၊ ငွေပြန်ဖြည့်ပေးခြင်းမျိုး ရှိကြောင်း၊ ဖုန်းသုံးစွဲမှု ပမာဏ သန်း ၆၀ တွင် ယခုကဲ့သို့ မှားယွင်းဖြတ်တောက်မှုမျိုး တစ်သန်းခန့်ရှိပါက တစ်နှစ်လျှင် ကျပ် ၂၅ ဘီလျံခန့် နစ်နာ လျက်ရှိကြောင်း၊ နိုင်ငံသားများ နစ်နာနေခြင်းသည် နိုင်ငံတော် နစ်နာခြင်းပင် ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုမေးခွန်းကို မေးရခြင်းဖြစ် ကြောင်း လွှတ်တော်သို့ ရှင်းလင်း တင်ပြခဲ့ သည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦးက သုံးစွဲသူများ အနေဖြင့် ယခု ကဲ့သို့ ကြုံရပါက Telecom providers များကို complaint လုပ်ရုံသာမက ဝန်ကြီးဌာန ဆက်သွယ် ရေး ညွှန်ကြားမှု ဦးစီးဌာနကိုပါ တိုင်ကြားကြရန်၊ ထိုသို့တိုင်ကြားပါက ဆက်သွယ်ရေး ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အော်ပရေတာ တစ်ခုကို ယာယီ ရပ်ဆိုင်းအရေးယူခြင်းက လက်တွေ့တွင် သုံးစွဲသူများပါ ထိခိုက်နိုင်သောကြောင့် နည်းဥပဒေကို ပြင်ဆင်ရန် ဆောင်ရွက်လျက် ရှိကြောင်း၊ နည်းဥပဒေအရ အော်ပရေတာ များ၏ တစ်ရက် ဝင်ငွေ၏ ငါးရာခိုင်နှုန်း အထိ ဒဏ်ရိုက်ခြင်းကို အရေးယူ ဆောင်ရွက်နိုင်ကြောင်း၊ ထိုသို့လည်း ဆောင်ရွက်နေကြောင်း၊ အဆိုပါ အော်ပရေတာများက မလျော်မကန် လုပ်ခြင်းများ ရှိပါက ဆက်သွယ်ရေး ဥပဒေ ၆၆ (ဂ) ဖြင့် အရေးယူဆောင်ရွက်နိုင်ပါကြောင်း၊ အော်ပရေတာများ၏ မလျော်မကန် ဖြတ်တောက်ခြင်းများအတွက် အလေးထားပြီး စိစစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

၂၀၁၇ – ၁၈ ဘဏ္ဍာနှစ် စာရင်းစစ်ချုပ် အစီရင်ခံစာနှင့် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ ငွေစာရင်း ပူးပေါင်းကော်မတီ၏ သုံးသပ် အစီရင်ခံစာအရ နိုင်ငံတစ်ဝှန်းလုံးတွင် မရှိမဖြစ် အိမ်သုံး လျျှပ်စစ်မီတာ အခွန်ရငွေပေါင်း ကျပ်ဘီလျံ ၅၂၀ ရရှိနေချိန်တွင် နိုင်ငံတစ်ဝှန်းလုံး တယ်လီဖုန်း ပြောဆို သုံးစွဲမှုမှ ရသည့် ငွေမှာ ဘီလျံ ၂၁၀၀ အထိ ရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံ လူဦးရေ ၅၄ သန်းခန့်ရှိပြီး မိုဘိုင်းဖုန်း သုံးစွဲမှုက သန်း ၆၀ ခန့်ရှိကြောင်း၊ အင်တာနက် သုံးစွဲမှုက သန်း ၃၀ ခန့်ရှိကြောင်း သိရ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.