Politics, Law & Military
ရှမ်းမြောက်စစ်ဘေးရှောင်စခန်းများ၌ စစ်ဘေးရှောင်သူ ၂၉၀၀ကျော် ကျန်ရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)
ရှမ်းမြောက်စစ်ဘေးရှောင်စခန်းများတွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာသူများသည် ဒီဇင်ဘာ ၁၅ရက်နေ့တွင်၂၉၀၀ကျော်သာ ကျန်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားသည်။
လားရှိုးစစ်ဘေးရှောင်စခန်း ၈ခု၌ ၃၇၂ဦး၊ မူဆယ် စစ်ဘေးရှောင်စခန်း ၅ခု၌ ၃၀၁ဦး၊ ကျောက်မဲ စစ်ဘေးရှောင်စခန်း နှစ်ခု၌ ၁၈၈ဦး၊ နမ္မတူ စစ်ဘေးရှောင်စခန်း ငါးခု၌ ၁၃၄၇ဦး၊ မန်တုံ စစ်ဘေးရှောင်စခန်း သုံးခု၌ ၄၃ဦး၊ နောင်ချို စစ်ဘေးရှောင်စခန်းတစ်ခု၌ ၂၂၁ဦး၊ သီပေါ စစ်ဘေးရှောင်စခန်းတစ်ခု၌ ၁၂၇ဦးနှင့် မုံးကိုး စစ်ဘေးရှောင်စခန်းတစ်ခု၌ ၃၀၄ဦးတို့ စစ်ဘေးရှောင်လျက်ရှိသည်။
တိုက်ပွဲများကြောင့် ရှောင်တိမ်းနေရသော ဒေသခံပြည်သူများ ယခုအခါ နေရပ်သို့ ပြန်လည်ဝင်ရောက်လာကြရာ ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီခန့်မှစတင်၍ မုံးကိုးမြို့နယ်စပ်ဝင်ပေါက်ဂိတ်မှ အိမ်ထောင်စု ၁၂ စု၊ ကျား ၁၅ ဦး၊ မ ၁၃ ဦး စုစုပေါင်း လူဦးရေ ၂၈ ဦးအားလည်းကောင်း၊ အမှတ်(၂) ရပ်ကွက်မှ အိမ်ထောင်စု ၂၄၁ စု၊ ကျား ၅၃၉ ဦး၊ မ ၆၄၀ ဦး စုစုပေါင်း လူဦးရေ ၁၁၇၉ ဦးအားလည်းကောင်း စိစစ်လက်ခံခဲ့ပြီး ယနေ့ထိ စုစုပေါင်း အိမ်ထောင်စု ၂၅၃ စု၊ ကျား ၅၅၄ ဦး၊ မ ၆၅၃ ဦး လူဦးရေ ၁၂၀၇ ဦးတို့အား စိစစ်လက်ခံနိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးထံမှ သိရသည်။
KIA (ကချင်)အဖွဲ့၊ TNLA (တအောင်းပလောင်) အဖွဲ့ နှင့် MNDAA ပူးပေါင်းအဖွဲ့များမှ မူဆယ်မြို့ နှင့် ကွတ်ခိုင်မြို့နယ်အတွင်းရှိ တပ်စခန်းနှင့် ရဲတပ်ဖွဲ့စခန်းများ၊ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတို့အား ယနေ့ နိုဝင်ဘာ ၂၀ရက်နေ့ နံနက် ၂နာရီမှစ၍ တစ်ချိန်တည်းတစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ပြီး ယနေ့ထိ အပြန်အလှန်တိုက်ခိုက်မှုများကြောင့် ဒေသခံများ စစ်ဘေးရှောင်နေရသည်။(Xinhua)