Politics, Law & Military
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ရက် ၁၀၀ စီမံချက် ၇ ရပ် အနက် လုပ်ငန်း စီမံချက် ၅ ရပ် ရာနှုန်းပြည့် ပြီးစီး
ရန်ကုန် ၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ)
အစိုးရသစ်၏ ပထမ ရက် ၁၀၀ ကာလအတွင်း လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက် အကောင်အထည်ဖော် ဆောင်ရွက်မှုများ အနက် လုပ်ငန်း စီမံချက် ၅ ရပ်မှာ ရာနှုန်းပြည့် ပြီးစီးပြီး ကျန်စီမံချက် ၂ ရပ်မှာ ၉၈ ရာခိုင်နှုန်း နှင့် ၇၀ ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့သြဂုတ် ၁၆ ရက်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ရက် ၁၀၀ စီမံချက် ၇ ရပ်မှာ ချင်းပြည်နယ် မြေပြိုဆည် နှင့် ပတ်သက်၍ ဘေးအန္တရာယ် လျော့ပါးစေရေး အတွက် အရေးပေါ် တုံ့ပြန်ရေး စီမံချက် ၊ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှု ထိရောက် မြန်ဆန်စေရေး စီမံချက် ၊ လူမှုဝန်ထမ်း လုပ်ငန်း ဆိုင်ရာ သတင်းအချက်အလက်များ ၊ အကူအညီများ ဆက်သွယ် ဆောင်ရွက်ရေး ၊ လူငယ် မူဝါဒ ရေးဆွဲရေး အကောင်အထည်ဖော်ရေး စီမံချက် ၊ လမ်းပေါ်နေ ကလေးများ နှင့် တောင်းရမ်း စားသောက်သူများ ၊ ခိုကိုးရာမဲ့များ ၊ မသန်စွမ်းသူများအား ကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ လုပ်ငန်း စီမံချက် ၊ ချင်းပြည်နယ်၌ လူမှု ကာကွယ် စောင့်ရှောက်ရေး ကနဦး စီမံချက် ဆောင်ရွက်နိုင်ရေး အတွက် ကြိုတင် ပြင်ဆင်ခြင်း စီမံချက် နှင့် သက်ကြီးရွယ်အိုများ ဘ၀ လုံခြုံအေးချမ်းစေရန်နှင့် လူငယ်လူရွယ်များ အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ရေး စီမံချက်များ ဖြစ်ကြောင်း သိရသည်။
ထိုစီမံချက်များ အနက် လမ်းပေါ်နေ ကလေးများ နှင့် တောင်းရမ်း စားသောက်သူများ ၊ ခိုကိုးရာမဲ့များ ၊ မသန်စွမ်းသူများအား ကာကွယ် စောင့်ရှောက်ရေး ဆိုင်ရာ လုပ်ငန်း စီမံချက်ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့အတွက် ရည်ရွယ် ဆောင်ရွက်ခဲ့ရာ ဝန်ကြီးဌာန အနေဖြင့် လမ်းပေါ်နေ ကလေးများနှင့် ခိုကိုးရာမဲ့များအား ကြိုတင် ကာကွယ်ခြင်း ၊ ကာကွယ် စောင့်ရှောက်ခြင်း ၊ မိသားစုနှင့် ပြန်လည် ပေါင်းစည်းခြင်း ၊ ပြန်လည် ထူထောင်ခြင်း ၊ အရေးယူ အပြစ်ပေးခြင်း စသည့် လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်နိုင်ရန် ဆန်းစစ် တွေ့ရှိချက်ကို အခြေခံ၍ ရန်ကုန်တိုင်းဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီး တို့အတွက် စီမံချက်ကို ရေးဆွဲခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ထို့ပြင် လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် ရက် ၁၀၀ စီမံချက်ပါ ဦးစားပေး စီမံချက် ၇ ရပ် အပြင် အယ်နီညိုကြောင့် ရေရှားပါးမှု ပြသနာအတွက် စုစုပေါင်း ကျပ်သန်း ၂၇၆.၅၃၉ သုံးစွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)