Connect with us

Politics, Law & Military

လောက်ကိုင်တိုက်ခိုက်မှုဖြစ်စဉ်သည် ပြည်သူများသေကြေထိခိုက်စေနိုင်သောကြောင့် ငြိမ်းချမ်းရေး စားပွဲဝိုင်းသို့ ဦးတည်ကြရန်ဒေါ်အောင်ဆန်းစုကြည်တိုက်တွန်း

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ၏ကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ --နိုင်ငံတော်အတိုင်ပင်ခံရုံး)

ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ် ၊လောက်ကိုင်ဒေသအတွင်း MNDAA (မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော်) မှ လက်နက်ကိုင်အဖွဲ့ ဝင်ရောက်တိုက်ခိုက် ခြင်း နှင့် ပတ်သက်၍ ဒေသခံ ပြည်သူများ သေကြေ ထိခိုက်စေပြီး ဒုက္ခ ကြုံတွေ့စေသော လက်နက်ကိုင်တိုက်ခိုက်မှုများကို စွန့်လွှတ်၍ ငြိမ်းချမ်းရေး စားပွဲဝိုင်းသို့ ဦးတည်ကြရန်၊ ငြိမ်းချမ်းရေးခရီးကို တန်းတူရည်တူ စိတ်တူကိုယ် တူဖြင့် အတူတစ်ကွ လျှောက်လှမ်းကြပါရန် အလေးအနက် တိုက်တွန်းကြောင်း အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ ယနေ့ ကြေညာချက် ထုတ်ပြန်သည်။

ထိုကြေညာချက်ထဲတွင် နိုင်ငံတော်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ မကြာသေးခင်ကပင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (United National Federal Council-UNFC)၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation-DPN)နှင့် ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်း၊ ထိုဆွေးနွေးပွဲတွင် UNFC ၏ အဆိုပြုချက် ၉ ချက် အပေါ် သဘောတူညီချက်များ ရရှိရန် မျှော်လင့် ချက်များ ခိုင်မာစေသည့် ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း၊ ထို့အပြင် ငြိမ်းချမ်းရေးကော်မရှင် (Peace Commission-PC) နှင့် နိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (Delegation for Political Negotiation-DPN)တို့ အကြား ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သင့် ပါဝင် ထိုက်သည့် အဖွဲ့အစည်းများ ပါဝင်နိုင်ရေး နှစ်ဘက် ကြိုးပမ်း ဆောင်ရွက်သွားရန်နှင့် ပြည်ထောင် စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ အစည်းအဝေးသို့ ပါဝင် တက်ရောက်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြကြောင်း ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုးတက်မှုများ ရရှိလာခဲ့ပြီး ပိုမို ကျယ်ပြန့်စွာပါဝင်နိုင်ရေး၊ ပိုမိုခိုင်မာ ရှင်သန်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေချိန်တွင် MNDAA လက်နက်ကိုင်အဖွဲ့များ က ယနေ့ နံနက် ၂ နာရီခန့်မှ စတင်၍ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသရှိ လောက်ကိုင်မြို့နှင့် ပတ်ဝန်းကျင် နေရာများသို့ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်ဟု ကြေညာချက်ထဲတွင် ပါရှိသည်။

MNDAA လက်နက်ကိုင်အဖွဲ့များသည် မတ်လ ၆ ရက် နံနက် ၂ နာရီ ခန့်တွင် လောက်ကိုင်မြို့ အရှေ့ဘက်မှ ဝင်ရောက်၍ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ဒေသခံ အပြစ်မဲ့အရပ်သား ပြည်သူများ ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ပြီး လူနေအဆောက်အဦများ၊ ဟိုတယ်များ ပျက်စီးခြင်းနှင့် ကားမီးရှို့ခြင်းများ ဖြစ်ပွားခဲ့ကြောင်း၊ MNDAA လက်နက်ကိုင်အဖွဲ့သည် လောက်ကိုင်မြို့အား ဝင်ရောက်တိုက်ခိုက်မှု ပြုနေချိန်နှင့် တပြိုင်တည်း နှစ်နိုင်ငံနယ်စပ် BP-125 နှင့် BP-127 အကြားရှိ တပ်မတော်စခန်းများအား အရှေ့ဘက်မှ ဝင်ရောက် တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း၊MNDAA လက်နက်ကိုင်အဖွဲ့နှင့်အတူ အခြားပူးပေါင်းအဖွဲ့များ ပါရှိဖွယ်ရာရှိကြောင်း သိရှိရကာ မိမိဘက်မှ ထိခိုက်ဆုံးရှုံးမှုမရှိဘဲ ရန်သူ့ထံမှ မီးရှို့ထားသည့် အလောင်း ၂၀ အပါအဝင် လက်နက် ၁၀ လက်ခန့် ရရှိထားပြီး ကိုးကန့်ယာဉ်ထိန်းရဲ ၅ ဦး၊ ပြည်သူ ၅ ဦး သေဆုံးကြောင်းနှင့် ကိုးကန့် ယာဉ်ထိန်းရဲ ၄ ဦးအား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်မှ နယ်မြေရှင်းလင်းရေးဆောင်ရွက်မှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးမှ ကြေညာချက် အမှတ် ၁/၂၀၁၇ ဖြင့် ယနေ့ ညနေတွင် ထုတ်ပြန်ခဲ့သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ၏ကြေညာချက် ထုတ်ပြန်သည့် အချိန်အထိ တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေ ဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)