Politics, Law & Military
သမ္မတဦးဝင်းမြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် သီးခြားစီတွေ့ဆုံ
ရန်ကုန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် (၃၂)ကြိမ်မြောက် အာဆီယံမျက်နှာစုံညီထိပ်သီးအစည်းအဝေးတက်ရောက် စဉ် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့ခေါင်းဆောင်များ၊ အစိုးရအဖွဲ့အကြီးအကဲများနှင့် သီးခြားစီတွေ့ဆုံခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်သည်။
နိုင်ငံတော်သမ္မတသည် စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာလီရှန်လွန်းနှင့် စင်ကာပူမြို့ Istana Presidential Palace ၌တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်နိုင်ရေး၊ စင်ကာပူနိုင်ငံက မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ်နှင့် အသက်မွေးဝမ်း ကျောင်းပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ဆက်လက် အကူအညီ ပေးအပ်သွားရေး၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်ရေးကိစ္စများအပေါ် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
လာအိုနိုင်ငံဝန်ကြီးချုပ် မစ္စတာထောင်လွန်းဆီဆုလစ်နှင့် စင်ကာပူမြို့ ရှန် ဂရီလာဟိုတယ်၌ တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုရှိသော ဆက်ဆံ ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်နိုင်ရေးနှင့် နိုင်ငံတော်သမ္မတအား လာအိုနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်ရေးကိစ္စများကို ဆွေးနွေးခဲ့ ကြသည်။
အင်ဒိုနီးရှားနိုင်ငံ သမ္မတမစ္စတာ ဂျိုကိုဝီဒိုဒိုနှင့် ရှန်ဂရီလာဟိုတယ်၌ တွေ့ဆုံ စဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ရခိုင်ပြည်နယ် အရေး ကိစ္စနှင့်ပတ်သက်၍ လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးအပ်ရေး၊ ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့၌ ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့တို့၏ နှစ်ပတ်လည် အစည်းအဝေးများနှင့် ဆက်စပ်ကျင်းပပြုလုပ်မည့် အာဆီယံခေါင်းဆောင်များ၏ တွေ့ဆုံပွဲ (ASEAN Leaders gathering)သို့ မြန်မာနိုင်ငံမှ ပါဝင်တက်ရောက်ရေးကိစ္စရပ်များကို ဆွေး နွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)