Politics, Law & Military
၂၀၁၈ ခုနှစ်အတွင်း မူးယစ်အမှုပေါင်း ၁၃,၀၀၀ကျော် ဖမ်းဆီးနိုင်ဟုဆို
ရန်ကုန်၊ မေ ၁၅ ရက် (ဆင်ဟွာ)
၂ဝ၁၈ ခုနှစ်တွင် မူးယစ်အမှုပေါင်း ၁၃,ဝ၃၇ မှု၊ တရားခံပေါင်း ၁၈,၆၈၁ ဦးဖမ်းဆီး နိုင်ခဲ့ကြောင်း မူးယစ်ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောကြားသည်။
မြန်မာနိုင်ငံအနေုဖြင့် ဘိန်းစိုက်ပျိုးမှုသည် ၂ဝ၁၈ ခုနှစ်တွင် ဟက်တာ ၃၇,၃ဝဝ သာရှိခဲ့သဖြင့် ၂ဝ၁၇ ခုနှစ်ထက် ၉.၁% လျော့ကျခဲ့ကြောင်း ၎င်းကဆိုသည်။
မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒသစ်အား ၂ဝ၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့တွင် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒအား ထုတ်ပြန်ကြေညာခဲ့ပြီး မဟာဗျုဟာစီမံချက် (National Strategic Plan) ရေးဆွဲကာ ၂ဝ၁၉ ခုနှစ် မှ ၂ဝ၂၃ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေးမဟာဗျုဟာစီမံချက်အရ ဒေသအခြေအနေနှင့်ကိုက်ညီသည့် လုပ်ငန်းစီမံချက်(Action Plan) တစ်ခုကို ၂ နှစ်ကာလ သတ်မှတ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရေးဆွဲကာဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ၂ဝ၁၈ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့တွင် ပြင်ဆင်ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အစည်းအဝေး (၁/၂၀၁၉)ကို မေ ၁၄ရက် နေ့လည်ပိုင်းက နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ စုစည်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)