Connect with us

Science & Technology

မြန်မာ့ ဆက်သွယ်ရေးမှ ဈေးကွက်အတွင်း ဖုန်းဆင်းမ်ကတ် အများဆုံး ရောင်းချထားရှိ

MPT , Ooredoo, Telenor ဆင်းမ်ကတ်များ (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး အော်ပရေတာအဖြစ် လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိထားသည့် လုပ်ငန်း ၃ ခုအနက် ဖုန်းဆင်းမ်ကတ် (SIM) ရောင်းချရမှု များမှာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် SIM ကတ်ပေါင်း ၈ သန်းကျော် ရောင်းချထားပြီး Telenor Myanmar Limited မှ ၇ သန်းကျော် နှင့် Ooredoo Myanmar Limited မှ ၃ သန်းကျော် အသီးသီး ရောင်းချထားပြီး ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းသန်း၏ ပြောကြားချက်အရ သိရသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် KSGM Co.Ltd နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် ၂၀၁၄ ခုနစ် စက်တင်ဘာလမှ ၂၀၁၅ ခုနစ် ဇွန်လအထိ SIM ကတ်ပေါင်း ၈,၆၆၉,၂၀၀ ရောင်းချထားပြီး ကော်မရှင်ခ ထုတ်နှုတ်၍ ရောင်းရငွေ ကျပ် ၉ . ၁၅၄ ဘီလီယံ ရရှိခဲ့သည်။ မိုဘိုင်း တယ်လီဖုန်း ပြောဆိုခနှင့် အင်တာနက် သုံးစွဲမှုအတွက် ကြိုတင် ငွေဖြည့်ကတ် ရောင်းချခြင်းမှ ကျပ် ၅၇၄ . ၉၆၇ ဘီလီယံ ရရှိခဲ့သည်။

Ooredoo Myanmar Limited သည် SIM ကတ်ပေါင်း ၃,၃၂၉,၀၀၀ ရောင်းချထားပြီး ငွေဖြည့်ကတ် ရောင်းချရမှုမှာ ကျပ် ၆၄ .၁၅၄ ဘီလီယံ ဖြစ်သည်။ Telenor Myanmar Limited သည် SIM ကတ်ပေါင်း ၇,၄၄၉,၀၀၀ ရောင်းချထားပြီး ငွေဖြည့်ကတ် ရောင်းချရမှုမှာ ကျပ် ၉၂.၈၃၅ ဘီလီယံ ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးဝင်းသန်းက ဇူလိုင်လ ၁၀ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရှင်းလင်း ဖြေကြားထားသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် SIM ကတ်တစ်ခု၏ ထုတ်လုပ်မူ ပျမ်းမျှ ကုန်ကျစရိတ်မှာ ၂၅၀ ကျပ်ခန့်ဖြစ်သော်လည်း ဖြန့်ဖြူးမှု ကုန်ကျစရိတ် ၊ ကတ်၏ အရည်အသွေးနှင့် မှတ်ဉာဏ် ပမာဏပေါ် မူတည်၍ ၈၅၀ ကျပ်ခန့်မှ ၁၁၅၀ ကျပ်ခန့်အထိ ကုန်ကျမည် ဖြစ်ပြီး ငွေဖြည့်ကတ် တစ်ခုအတွက် ထုတ်လုပ်မှု ပျမ်းမျှ ကုန်ကျစရိတ်မှာ ၅၀ ကျပ်ခန့်ဖြစ်သော်လည်း အရောင်း ကော်မရှင်ခနှင့် ဖြန့်ဖြူးမှု ကုန်ကျစရိတ်များ အပါအဝင် ၁၀၀ ကျပ်ခန့်မှ ၂,၅၀၀ ကျပ်ခန့်အထိ ကုန်ကျမည် ဖြစ်သည်။

Ooredoo Myanmar Limited နှင့် Telenor Myanmar Limited အနေဖြင့် SIM ကတ်တစ်ခုအတွက် ကုန်ကျစရိတ်မှာ ပျမ်းမျှ ၂၅၀ ကျပ် နှင့် ငွေဖြည့်ကတ် တစ်ခုအတွက် ကုန်ကျစရိတ်မှာ ပျမ်းမျှ ၅၀ ကျပ် ရှိသော်လည်း အရောင်းကော်မရှင်ခ နှင့် ဖြန့်ဖြူးမှု ကုန်ကျစရိတ်တို့ထည့်သွင်း တွက်ချက်ပါက များစွာ ပိုမိုနိုင်မည် ဖြစ်သည်။

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာနမှ မြန်မာနိုင်ငံ တစ်ဝှမ်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ရန် Nationalwide Telecommunication Licenes အား မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ၊ Ooredoo Myanmar Limited နှင့် Telenor Myanmar Limited တို့အား လိုင်စင်များ ချထားပေးပြီး တယ်လီဖုန်း ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။ (Xinhua)