Connect with us

Science & Technology

ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း လာမည့်အပတ်တွင်ပြန်လည်စတင်နိုင်မည်မျှော်မှန်းကြောင်းဆို

ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း တည်ဆောက်နေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)

ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း ပြန်လည်စတင်နိုင်ရေး လုပ်ငန်းခွင်စစ်ဆေးမှုအား အောက်တိုဘာ ၂၂ ရက်တွင် လာရောက်စစ်ဆေးပြီးဖြစ်ကြောင်း၊ လာမည့်အပတ်တွင်လုပ်ငန်းပြန်လည်စတင်နိုင်ရန် မျှော်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒလတံတားစီမံကိန်းတာဝန်ခံ ဦးကျော်ကောင်းချိုက ဆင်ဟွာသို့ အောက်တိုဘာ ၂၃ ရက်တွင်ပြောသည်။

“ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်း ပြန်လည်စတင်နိုင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ ရှိတဲ့ COVID-19 နဲ့ ပတ်သက်တဲ့ကုသရေး၊ကာကွယ်ထိန်းချုပ်ရေးကော်မတီ က အောက်တိုဘာ ၂၂ ရက် ကလာရောက်စစ်ဆေးတယ်။ လိုအပ်ချက်ကိုကျွန်တော်တို့ဓာတ်ပုံ အထောက်အထားနဲ့ တင်ပြပြီးရင်တော့ လုပ်ငန်းစတင်နိုင်ဖို့ပြင်ဆင်နေပါပြီ။ ညွှန်ကြားချက် Guide Line အနေနဲ့ ၁၈ ချက်ရှိပါတယ်။ ၁၈ ချက်နဲ့ အညီ ကျွန်တော်တို့ဆောင်ရွက်နိုင်ရင် ပြန်လည်စတင်နိုင်ဖို့ ပြင်ဆင်နေပါပြီ။’’ ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်း တည်ဆောက်နေမှုအားတွေ့ရစဉ် (ဆင်ဟွာ)

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ရန်ကုန်-ဒလမြစ်ကူးတံတားစီမံကိန်းကို စက်တင်ဘာ၂၄ ရက်တွင် ယာယီရပ်နားထားခဲ့ရကြောင်း သိရသည်။

“ကျွန်တော်တို့ တစ်လကျော်လောက်နားလိုက်ရတဲ့အတွက် လုပ်ငန်းပြန်စတင်တဲ့အခါ မူလပြီးစီးဖို့မျှော်မှန်းထားတဲ့Target ကို မီအောင်တိုးမြှင့်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်’’ ဟု ဦးကျော်ကောင်းချိုကဆက်ပြောသည်။
အဆိုပါစီမံကိန်းကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ တွင် ပြီးစီးမည်ဟုမျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းယာယီမရပ်နားခင်အချိန်အထိ ၂၀ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်းဆိုသည်။

အဆိုပါရန်ကုန်- ဒလတံတားစီမံကိန်းမှာ စုစုပေါင်း တံတားအရှည် ၁၈၆၈ မီတာ၊ အကျယ် ၂၆ ဒသမ ၅ မီတာ၊ လေးလမ်း သွားတံတား၊ ဘိုးပိုင်အုတ်မြစ်၊ သံကူ ကွန်ကရစ် ကိုယ်ထည်အပေါ်တွင် သံမဏိကြိုးဆိုင်း တံတားဖြစ်ပြီး တံတား၏ ခံနိုင်ဝန်မှာ ၇၅ တန်ဖြစ် ကြောင်း၊ ၂၀၁၉ ခုနှစ် မေလတွင် တည်ဆောက်ရေးလုပ်ငန်းများကို စတင်ခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနမှ သိရသည်။ ယခု ရန်ကုန်-ဒလ မြစ်ကူးတံတားသည် အရှည်ဆုံးတံတားများထဲမှ တံတားတစ်စင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.