Science & Technology
ငမိုးရိပ်တံတားသစ် (ကမာကြည် -၂) မကြာမီဖွင့်လှစ်မည်
ရန်ကုန်၊ ဒီဇင်ဘာ ၅ ရက် (ဆင်ဟွာ)
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏ၊ကမာကြည်လမ်းနှင့် တောင်ဒဂုံမြို့နယ်ရှိ စက်မှုဇုန် (၁) မိုးကုတ်လမ်းတို့အား ငမိုးရိပ်ချောင်းကို ဖြတ်ကျော်ကာ ဆက်သွယ်တည်ဆောက်နေသည့် ငမိုးရိပ်တံတား (ကမာ ကြည်-၂)မှာ ယခုအခါ တံတားတည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်၍ မကြာမီ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
တံတားသစ်အမျိုးအစားမှာ သံကူကွန်ကရစ်ဘိုးပိုင်အုတ်မြစ် (R.C.C. Bored Pile) ၊ သံကူကွန်ကရစ် ဘိုးပိုင်ထိပ်အုပ် R.C.C.Pile Cap၊နှင့် သံကူကွန်ကရစ် တိုင်နှင့် ကန့်လန့်ရက်မ (R.C.C.Pier and Cross Beam) အမျိုးအစားတို့ဖြစ်ပြီး တံတားရက်မများကို သံကူကွန်ကရစ်ရက်မ (R.C.C Girders)အရှည် ၂ဝ မီတာ၊
ကြိုတင်အားဖြည့် သံကူကွန်ကရစ်ရက်မ (P.S.C.e-Beam) အရှည် ၃၆ မီတာစီနှင့်သံမဏိသံပေါင်ရက်မ (Steel Twin Box Girders) အရှည် ၆ဝ မီတာကို အသုံးပြုတည်ဆောက်ထားကြောင်း သိရသည်။
တံတားကြီး၏အရှည်မှာ ၂၅၈ မီတာရှိပြီး ၁၁ ဒသမ ၅ မီတာကျယ်ကာ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ဘက်အခြမ်းရှိ ချဉ်းကပ်တံတားအရှည် ၇၇ မီတာနှင့် တောင်ဒဂုံမြို့နယ်ဘက်အခြမ်းရှိ ချဉ်းကပ်တံတားအရှည် ၄၄ မီတာတို့အား ပင်မတံတားနှင့်ဆက်စပ်တည်ဆောက်ခဲ့ကြောင်းလည်း သိရသည်။
ရေလမ်းကင်းလွတ်ခွင့်အမြင့် ၅ ဒသမ ၅ မီတာရှိပြီး ရေလမ်းကင်းလွတ်ခွင့်အကျယ်မှာ ၅၄ မီတာရှိကြောင်း သိရသည်။ နှစ်လမ်းသွားဖြစ်ပြီး ကားလမ်းဘေးတစ်ဖက်လျှင် ၁ ဒသမ ၅ မီတာအကျယ်အဝန်းရှိ လူသွား လမ်းပလက်ဖောင်း အသွားအပြန်ပါရှိကြောင်း ကြေးမုံသတင်းတွင်ပါရှိသည်။ (Xinhua)