Science & Technology
မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံမှ မကြာမီ လျှပ်စစ်ဓာတ်အားများထုတ်လုပ်နိုင်မည်

ရန်ကုန်၊ မေ ၁၉ ရက် (ဆင်ဟွာ)
မကွေးတိုင်း ဒေသကြီး မင်းဘူးမြို့နယ် မင်းဘူး- အမ်းကားလမ်း ဘေးရှိ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းမှ မကြာမီ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရသိရသည်။
လက်ရှိ ပထမအဆင့် ၄၀ မဂ္ဂါဝပ်စီမံကိန်းသည် ၉၂ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ပြီး မကြာမီကာလ အတွင်းတွင် ၂၀ မဂ္ဂါဝပ် စတင်ထုတ်လုပ်ပြီး နိုင်ငံတော် ဓာတ်အား စနစ်သို့ ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်ဖြန့်ဖြူးပေး သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ နေရောင်ခြည် စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်အကောင် အထည်ဖော်တည်ဆောက်သည့် စီမံကိန်း တစ်ခုဖြစ်ကြောင်း သိရသည်။
ယင်း ဓာတ်အားပေးစက်ရုံကို Green Earth Power (Myanmar) Co.,Ltd. မှ B.O.T စနစ်ဖြင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စတင် အကောင် အထည်ဖော် တည်ဆောက် ခဲ့ပြီး စက်တပ်ဆင်အင်အား ၁၇၀ မဂ္ဂါဝပ်ဖြင့် စီမံကိန်းကို အဆင့် ၄ ဆင့်ဖြင့် တည်ဆောက်လျက်ရှိကြောင်း သိရသည်။
ပထမအဆင့်မှ တတိယ အဆင့်အထိ ၄၀ မဂ္ဂါဝပ်စီ တည်ဆောက် သွားမည်ဖြစ်ပြီး စတုတ္ထအဆင့်ကို ၅၀ မဂ္ဂါဝပ်ဖြင့် တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)