Connect with us

Social

ကျေးလက် ရေရရှိရေး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၂၀၆၀ ရွာ၌ လုပ်ငန်းပေါင်း ၂၀၉၇ ခု အား အကောင်အထည် ဖော်ဆောင်ရွက်သွားမည်

ကျေးလက်ဒေသများတွင် သောက်သုံးရေရရှိရေးအတွက် ခက်ခက်ခဲခဲရှာဖွေနေကြသည့်ကို တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ မတ် ၂ ရက် (ဆင်ဟွာ)

လာမည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာပေါင်း ၂၀၆၀ ရွာ၌ ကျေးလက် ရေရရှိရေး လုပ်ငန်းပေါင်း ၂၀၉၇ ခုအား ဆောင်ရွက်ပေးရန် ခွင့်ပြုချက် ရရှိပြီး ဖြစ်၍ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ် ရောက်ရှိသည်နှင့် တစ်ပြိုင်နက် လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မွေးမြူရေး ၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

ကျေးလက် ရေရှိရေး လုပ်ငန်း ဆောင်ရွက်ရာတွင် တွင်းတိမ် ၊ တွင်းနက် ၊ လက်တူးတွင်း ၊ မိုးရေကန် ၊ စိမ့်စမ်းနှင့် အခြား ရေရရှိရေး လုပ်ငန်းများအား ကျေးရွာများ၏ ရေအရင်းအမြစ် ရနိုင်ခြေပေါ် မူတည် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွင်း ကျေးရွာပေါင်း ၅၄၉၀ ရွာတွင် ကျေးလက် ရေရရှိရေး လုပ်ငန်း စုစုပေါင်း ၁၃၃၁၄ ခု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြည်နယ်/တိုင်းဒေသကြီး နှင့် နေပြည်တော် ကောင်စီ နယ်မြေ အတွင်းရှိ မြို့နယ် ၁၇၆ မြို့နယ်တွင် ယခု မတ်လ အတွင်း ရေရှားပါး ပြတ်လပ်နိုင်ခြေရှိမည့် ကျေးရွာပေါင်း ၉၁၈ ရွာအတွက် နေ့စဉ် သောက်သုံးရေဂါလံ ၄.၄ သန်းခန့်လိုအပ်နိုင်မည် ဖြစ်သဖြင့် ရေသယ်ယာဉ်(ကား ၊ မော်တော် ၊ စက်လှေ ၊ မော်တော် ဆိုင်ကယ်) များ အသုံးပြု၍ သောက်သုံးရေ သယ်ပို့ဖြန့်ဝေရန် လိုအပ်မည့် စက်သုံးဆီ ၂၂၄၃၁ ဂါလံအတွက် ခန့်မှန်း ကုန်ကျငွေကျပ် ၇၈.၅ သန်းအား အရန်သင့် သုံးစွဲနိုင်ရေး တင်ပြ ပြင်ဆင်ထားပြီး အရေးပေါ် ကာလအတွင်း ချက်ချင်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)