Social
စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်းအား ဧပြီလဆန်းအထိ ဖွင့်လှစ် သွားမည်

ရန်ကုန် ၊ နိုဝင်ဘာ ၁၂ ရက်(ဆင်ဟွာ)
ဒုတိယအကြိမ်မြောက် ဖွင့်လှစ်လိုက်သည့် စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်း(Yangon Book Street)အား ယခု နိုဝင်ဘာလမှ စတင်ကာ ပွင့်လင်းရာသီ ဧပြီလဆန်း အထိဖွင့်လှစ် သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သိရသည်။
စာအုပ်စာပေ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် အရ ပထမ အကြိမ် စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်း(Yangon Books Street) အား ရန်ကုန်မြို့သိမ်ဖြူလမ်း၌ ယခုနှစ် ဇန်နဝါရီလတွင် စတင်ကာ မတ်လကုန်အထိ ဖွင့်လှစ်ခဲ့သည်။
စာအုပ်လမ်းကို ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၁၁ ရက် မှ ၁၃ ရက် စနေ၊ တနင်္ဂနွေ၊ တနင်္လာ သုံးရက် တိုင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး လာမည့်ရက် သတ္တပတ်များတွင် ပုံမှန်အတိုင်း စနေ၊ တနင်္ဂနွေနေ့များ၌ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။
ယခု ပြန်လည် ဖွင့်လှစ်မည့် စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်း(Yangon Books Street) တွင် စာအုပ်ဆိုင် များ နှင့် အထိမ်းအမှတ် ပစ္စည်း အရောင်းဆိုင်များ အပါအဝင် စုစုပေါင်း ဆိုင်ခန်း ၁၇၀ ဖြင့် ဖွင့်လှစ် ရောင်းချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စနေ-တနင်္ဂနွေ ရန်ကုန် စာအုပ်လမ်းအား ပြန်ကြားရေး ဝန်ကြီးဌာန၏ စာအုပ်စာပေ ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ် အရ ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ တို့၏ ကူညီမှု နှင့် အတူ ပြန်လည် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)