Social
ထိုင်းနိုင်ငံ၌ လူကုန်ကူးခံရသော အမျိုးသမီး ၁၅ဦး မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်း
ရန်ကုန်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံတွင် လူကုန်ကူးခြင်းခံခဲ့ရသော အမျိုးသမီးငယ် ၁၅ ဦးကို မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ အမျိုးသမီးငယ် ၁၅ ဦးသည် ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်ခြင်း၊ နေထိုင်ခွင့် ကတ်ပြားမရှိခြင်း၊ နယ်စပ်ဖြတ်သန်းခွင့် ခုနစ်ရက် ကျော်လွန်ခြင်းတို့ကြောင့် ဖမ်းဆီးခံပြီး ၎င်းတို့သည် လူကုန်ကူးခံရကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ထိုင်းနိုင်ငံ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန လက်အောက်ရှိ ဂေဟာများအနက် Songkhla Shelter တွင် လက်ခံစောင့်ရှောက်ခဲ့ကာ နိုင်ငံသားစိစစ်မှုများ ပြုလုပ်ပြီးနောက် ထိုင်းနိုင်ငံတာဝန်ရှိသူများက ပြန်လည်လွဲှပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင် လူကုန်ကူးခြင်းခံခဲ့ရသော အမျိုးသမီးငယ် ၁၅ ဦးကို တာချီလိတ်ခရိုင် ရဲတပ်ဖွဲ့ မှူးရုံးသို့ ဇန်နဝါရီ ၃၁ ရက် နံနက် ၁ဝ နာရီခွဲက လာရောက်လွှဲအပ်ပေးခဲ့သည်။
ယင်း လူကုန်ကူးခံရသူများသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ တာချီလိတ်မြို့၊ မိုင်းယောင်းမြို့၊ မက်မန်းမြို့၊ မိုင်းခတ်မြို့၊ မိုင်းယန်းမြို့၊ ”ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရအထူးဒေသ(၂) တို့မှ ကျေးရွာအုပ်စုများတွင် နေထိုင်သူများဖြစ်ကြသည်။(Xinhua)