Social
နိုင်ငံတော်သမ္မတ၏ သီးသန့် ရန်ပုံငွေမှ မုံရွာ ကြက်မွေးမြူရေးဇုန်ရှိ ကြက်ခြံပိုင်ရှင် များအား ထောက်ပံ့ငွေ ပေးအပ်
ရန်ကုန် ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ)
နိုင်ငံတော်သမ္မတ၏ သီးသန့် ရန်ပုံငွေမှ မုံရွာမြို့ ကြက်မွေးမြူရေးဇုန်တွင် ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ဆုံးရှုံးနစ်နာခဲ့ရသည့် ကြက်ခြံပိုင်ရှင်များ အတွက် ငွေကျပ် ၆၆၂၉၂၂၃၉ဝ ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီး ဌာန၏ ဖော်ပြချက် အရ သိရသည်။
ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ဆုံးရှုံးနစ်နာကြသည့် ကြက်ခြံပိုင်ရှင် များကို စာနာ ထောက်ထားသည့် အနေဖြင့် ကြက်ခြံပိုင်ရှင် ၉၈ ဦး၏ ခြံအရေအတွက် ၁၇၄ ခြံမှ ၈၈၆၂၂ ကောင် အတွက် နိုင်ငံတော်သမ္မတ၏ သီးသန့် ရန်ပုံငွေမှ ထောက်ပံ့ငွေကျပ် ၆၆၂၉၂၂၃၉ဝ အား နိုင်ငံတော်သမ္မတကြီး ကိုယ်စား စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် က မွေးမြူသူများလက် အရောက် စက်တင်ဘာ ၃ဝ ရက်က ပေးအပ်ခဲ့ကြောင်း သိရသည်။
မုံရွာ သာစည်လမ်းဘေး ဧရိယာ ၁၂၃ ဒသမ ၄၅ ဧကကို ၂ဝဝ၇ ခုနှစ် ဇန်နဝါရီ ၄ ရက်က ကြက်၊ ငုံး မွေးမြူရေးဇုန် အဖြစ် စတင်တည်ထောင်ခဲ့ရာမှ ၂ဝ၁၂ ခုနှစ် မေလအတွင်းက ကြက်ငှက်တုပ်ကွေး ရောဂါကြောင့် ငုံးအများအပြား သေကျေပျက်စီးခဲ့ပြီး ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီပထမပတ်အတွင်း H5N1 ဗိုင်းရပ်စ်ကြောင့် ကြက်၊ ငုံးအားလုံးကို သုတ်သင်ခဲ့ရကာ ယခုနှစ် မတ် ၃၁ ရက်မှစတင်၍ သာမန်ထက်ပိုသည့် သေဆုံးမှုများတွေ့သောကြောင့် စစ်ဆေးကြည့်ရာ H5 H9 N2 ရောဂါပိုးကို တွေ့ရသည့် အတွက် မွေးမြူရေးလုပ်ငန်းရှင်များ၏ဆန္ဒနှင့်အညီ ဧပြီ ၃ ရက်မှ မေ ၁၉ ရက်အထိ ပိုင်ရှင် ၉၈ ဦး၏ ၁၇၄ ခြံမှ ကြက် ၈၈၆၂၂ ကောင်ကို စနစ်တကျ သုတ်သင် ရှင်းလင်း ခဲ့ကြောင်း သိရသည်။(Xinhua)