Social
မန္တလေး တိုင်းဒေသကြီးတွင် ရေဂါလန် ၃၂ သန်းမှ ၃၃ သန်း ဖြန့်ဝေပေးနိုင်ရန် ဆောင်ရွက်နေ
ရန်ကုန်၊ မေ ၆ ရက် (ဆင်ဟွာ)
မန္တလေးတိုင်း ဒေသကြီး စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ ပြည်သူ တစ်သန်းကျော် အတွက် ရက် ၁ဝဝ စီမံချက် အတွင်း ရေဂါလန် ၃၂ သန်းမှ ၃၃ သန်းထိ ဖြန့်ဝေပေး နိုင်ရန် ရေပိုက်များ ပြုပြင်လဲလှယ် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ရေနှင့် သန့်ရှင်းရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
မန္တလေး တိုင်းဒေသကြီးတွင် တစ်နေ့ ရေလိုအပ်ချက် ရေဂါလန် ၃၇ သန်းခန့် ဖြစ်သော်လည်း လက်ရှိတွင် နေ့စဉ် ရေဂါလန် ၂၉ သန်းထိ ဖြန့်ဝေနိုင်ကြောင်း သိရသည်။
ရက် ၁ဝဝ စီမံချက်အရ အောင်မြေသာစံ မြို့နယ် ရွှေမန်းတောင် အားကစားကွင်း အနီးရှိ ဂါလန် ၁.၅ သိန်းဆံ့ ရေလှောင်ကန်မှ မူလက ပေးနေသည့် ၈ဝဝ မီလီမီတာ ပိုက်လိုင်းထဲသို့ နန်းရှေ့ ၁၂ လမ်းနှင့် ၃၅ လမ်းကြား၊ ၆၆ လမ်းနှင့် ၅၉ လမ်းကြားသို့ နေ့စဉ် ရေဂါလန် တစ်သန်းခန့် ပို့ပေးသွားမည် ဖြစ်ကြောင်း၊ ချမ်းမြသာစည်ရပ်၊ တမ္ပဝတီ ပန်းခြံ၊ အမှတ်(၇) ရေတွန်း စက်ရုံမှ မူလ ပိုက်လိုင်း ၄ဝဝ မီလီမီတာ ထဲသို့ နေ့စဉ် ရေဂါလန် တစ်သန်းခန့် ပို့ပေးသွားမည် ဖြစ်ကြောင်း၊ အောင်မြေသာစံ မြို့နယ်ရှိ မူလ ရေပေးပိုက် ၈ဝဝ မီလီမီတာ ထဲသို့ နေ့စဉ် ရေဂါလန် ခုနစ်သိန်း ပိုထည့်ပေး သွားမည် ဖြစ်ကြောင်း၊ ပြည်ကြီး တံခွန်မြို့နယ် တွင် ၁၂ လက်မ ရေတွင်း တူးဖော်ပြီး ရေဂါလန် ခုနစ်သိန်း ထပ်မံဖြန့်ဝေ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့ စည်ပင်သာယာ နယ်နိမိတ် ဖြစ်သော အမရပူရ၊ မဟာအောင်မြေ၊ အောင်မြေသာစံ၊ ချမ်းမြသာစည်၊ ချမ်းအေးသာစံ နှင့် ပြည်ကြီးတံခွန် မြို့နယ်တို့ အတွင်း နေထိုင်သူ ပြည်သူ တစ်သန်းခန့် အတွက် (ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်) နေ့စဉ် ရေဂါလန် ၃၇ သန်းခန့် လိုအပ်ကြောင်း၊ ယခုအချိန်တွင် အမှတ် (၁) မှ အမှတ် (၈) ထိ ရေဖြန့်စက်ရုံ ရှစ်ရုံ၊ ကလိုရင်း ခတ်ပြီး ကျုံးရေ ဂါလန် နှစ်သန်းခန့်နှင့် ပုဂ္ဂလိက စက်ရေတွင်း ၂၃,ဝဝဝ ကျော်မှ တစ်နေ့လျှင် ရေဂါလန် ၂၉ သန်းခန့်သာ ဖြန့်ဝေ ပေးလျက် ရှိကြောင်း သိရသည်။
ထို့ပြင် ရွှေတချောင်း ၊ ကမ်းနားလမ်း၊ ၃၅ လမ်း နှင့် ၄၂ လမ်းကြား တစ်နေ့လျှင် ရေဂါလန် တစ်သန်း ပေးနိုင်သော ကလိုရင်း ဆေးခတ် စက်ရုံဝင်းတွင် ၁၂ လက်မ တွင်းတူး၍ ရေဂါလန် တစ်သန်း ဖြန့်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)