Social
မြန်မာ တစ်နိုင်ငံလုံး အနေဖြင့် တစ်နှစ်လျှင် ဆန်တန်ချိန် ရှစ်သန်း စားသုံး
ရန်ကုန်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
လူတစ်ဦးချင်းစီ၏ ဆန်စားသုံးမှု ကောက်ယူမှု စစ်တမ်းအရ မြန်မာ တစ်နိုင်ငံလုံး အနေဖြင့် တစ်နှစ်လျှင် ဆန်တန်ချိန် ရှစ်သန်း စားသုံးလျက်ရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်းနှင့် ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်တို့ ပူးပေါင်း ကောက်ယူသည့် စစ်တမ်းအရ သိရသည်။
အဆိုပါ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်းနှင့် ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ်တို့ ကောက်ယူခဲ့သည့် စစ်တမ်းများ အရ မြန်မာနိုင်ငံ အတွင်းရှိ လူတစ်ဦးချင်း အနေဖြင့် တစ်နှစ်လျှင်ဆန် ၁၅၅.၁၄ ကီလိုဂရမ် စားသုံးကြောင်း သိရသည်။
အဆိုပါ ဆန်စားသုံးမှု ပမာဏတွင် ကျေးလက်နေ ပြည်သူများက မြို့ပြနေ ပြည်သူများထက် တစ်ဦးချင်း ဆန်စားသုံးမှု ပမာဏ ပိုမိုများသည် ဟု သိရသည်။
မြန်မာနိုင်ငံရှိ လူတစ်ဦးချင်းစီ၏ ဆန်စားသုံးမှု စစ်တမ်းကို ပြီးခဲ့သည့် ဧပြီလက စတင် ကောက်ခံခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ လူတစ်ဦးချင်းစီ၏ ဆန်စားသုံးမှု စစ်တမ်း ကောက်ယူမှုကို ကျေးလက်နေ တောင်သူများနှင့် ပြည်သူများ၏ တစ်ဦးချင်း ဆန်စားသုံးမှု၊ မြေယာမဲ့ များ၏ တစ်ဦးချင်း ဆန်စားသုံးမှုနှင့် မြို့ပြနေ ပြည်သူများ၏ တစ်ဦးချင်း ဆန်စားသုံးမှု ဟု အုပ်စုသုံးစု ခွဲကာ ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ လူတစ်ဦးချင်း ဆန်စားသုံးမှု စစ်တမ်းကို နှစ်စဉ် လူတစ်ဦးချင်း စီ၏ ဆန်စားသုံးမှု ပမာဏ နှိုင်းယှဉ်ရန်နှင့် ဝင်ငွေအလိုက် ပြောင်းလဲ လာသည့် ဆန်စားသုံးမှု၊ ဆန် အမျိုးအစား၊ အိမ်သုံးစရိတ် စုစုပေါင်း မှ ဆန်အတွက် ကုန်ကျမည့် စရိတ်ကို သိရှိနိုင်စေရန် အတွက် ကောက်ယူခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
အဆိုပါ လူတစ်ဦးချင်း ဆန်စားသုံးမှု စစ်တမ်းကို မြန်မာနိုင်ငံ အနှံ့ ကျေးလက်နေ အိမ်ထောင်စု ၁,၇၁ဝ စု ၊ မြေယာမဲ့ အိမ်ထောင်စု ၁,၄၈၄ စုနှင့် မြို့နေ အိမ်ထောင်စု ၁,၉၃၈ စု စုစုပေါင်း အိမ်ထောင်စု ၅,၁၃၂ စုနှင့် လူဦးရေ ၂၄,၂၁၁ ဦးထံမှ ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)