Connect with us

Sport

ဗိုဗီနမ်အားကစားနည်းဖြင့် မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ်ဆု ထပ်မံဆွတ်ခူးရရှိ

ဗိုဗီနမ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့အား တွေ့ရစဉ်(ဓာတ်ပုံ - အားကစားနှင့်လူငယ်ရေးရာ Sports & Youth Affairs, Myanmar)

ရန်ကုန် ၊ မေ ၂၂ ရက်(ဆင်ဟွာ)

၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ မြန်မာအားကစားအဖွဲ့သည် ဗိုဗီနမ်အားကစားနည်းဖြင့် ယနေ့ မေ ၂၂ ရက်တွင် ရွှေတံဆိပ်ဆု ထပ်မံဆွတ်ခူးရရှိခဲ့ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနထံမှ သိရသည်။

ဗိုဗီနမ်ပြိုင်ပွဲတွင် Male Leg attack technique 04 males, each performs 2 legs attack technique ပွဲစဉ်၌ ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာနိုင်ငံတို့ ယှဉ်ပြိုင်ခဲ့ရာတွင် မြန်မာအားကစားအဖွဲ့မှ အောင်ခိုင်လင်း ၊ ရာဇာထွန်း ၊ ဟိန်းထက်အောင် နှင့် ကျော်သူစိုးအောင်တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပထမ(ရွှေတံဆိပ်)ဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

ဗိုဗီနမ်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရရှိခဲ့သည့် မြန်မာအားကစားအဖွဲ့အား တွေ့ရစဉ်(ဓာတ်ပုံ – အားကစားနှင့်လူငယ်ရေးရာ Sports & Youth Affairs, Myanmar)

ယနေ့ မေ ၂၂ ရက် တွင် ကျင်းပသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဗိုဗီနမ်ပြိုင်ပွဲတွင် (60kg) အတိုက်ဆီမီးဖိုင်နယ်ပွဲစဉ်၌ မြန်မာအားကစားမယ် ရွှေသက်ထားက ထိုင်းအသင်း နှင့် ယှဉ်ပြိုင်ခဲ့ပြီး တတိယ(ကြေးတံဆိပ်)ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်းလည်း သိရသည်။

ဗိုဗီနမ်(60kg)တန်းမှ တတိယဆုရရှိသည့် မြန်မာအားကစားမယ်ရွှေသက်ထားအား တွေ့ရစဉ်(ဓာတ်ပုံ – အားကစားနှင့်လူငယ်ရေးရာ Sports & Youth Affairs, Myanmar)

၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ မြန်မာအားကစားအဖွဲ့သည် အားကစားနည်းအလိုက် ဝူရှူးတွင် ရွှေတံဆိပ်ဆု ၁ ဆု ၊ ကာယဗလတွင် ရွှေတံဆိပ်ဆု ၁ ဆု ၊ Kurash တွင် ရွှေတံဆိပ်ဆု ၁ ဆု ၊ ပီတန်းတွင် ရွှေတံဆိပ်ဆု ၁ ဆု ၊ ဗိုဗီနမ်တွင် ရွှေတံဆိပ်ဆု ၃ ဆု ၊ ပိုက်ကျော်ခြင်းတွင် ရွှေတံဆိပ်ဆု ၁ ဆု ၊ ဘိလိယက်/စနူကာတွင် ရွှေတံဆိပ်ဆု ၁ ဆုဖြင့် စုစုပေါင်း ရွှေတံဆိပ်ဆု ၉ ဆု ရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ အားကစားနည်းများအလိုက် မြန်မာအားကစားအဖွဲ့သည် ငွေတံဆိပ်ဆု ၁၈ ဆု နှင့် ကြေးတံဆိပ် ၃၅ ဆု ရရှိထားပြီး ယနေ့ မေ ၂၂ ရက်အထိ ရွှေ ၊ ငွေ ၊ ကြေး စုစုပေါင်း ဆုတံဆိပ် ၆၂ ခု ရရှိထားကြောင်း သိရသည်။ (Xinhua)