Sport
ဘရူနိုင်းဘုရင့်ဖလားဘောလုံး ပြိုင်ပွဲတွင် မြန်မာယူ၂၁အသင်း ဆီမီးဖိုင်နယ်သို့ တက်ရောက်

ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ)
ဘရူနိုင်း နိုင်ငံတွင် ကျင်းပနေသည့် ဘရူနိုင်းဘုရင့်ဖလားဘောလုံး ပြိုင်ပွဲတွင် မြန်မာယူ၂၁အသင်း ဆီမီးဖိုင်နယ်သို့ တက်လှမ်းသွားပြီဖြစ်ပြီး ယနေ့ ညနေ ၆း၄၅ နာရီတွင် ကမ္ဘောဒီးယားအသင်းနှင့် ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
မြန်မာယူ (၂၁) အသင်းနှင့် ကမ္ဘောဒီးယားအသင်းတို့၏ ဆီမီးဖိုင်နယ်ပွဲစဉ် အား MRTV Digital Sports Channel မှ တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူ ဦးစိုးမိုးက “ အခုလက်ရှိအနေအထားအရတော့ ကမ္ဘောဒီးယား အသင်းထက်မြန်မာအသင်းက ခြေစွမ်းသာတယ်။ ဗိုလ်လုပွဲတက်နိုင်တဲ့အနေအထားရှိတယ်။ ဒါပေမယ့် မပေါ့ဖို့တော့လိုတယ်။’’ ဟုဆင်ဟွာကိုပြောသည်။
ဘရူနိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၂၀၁၈ ဘရူနိုင်းဘုရင့်ဖလား အမျိုးသား ဘောလုံးပြိုင်ပွဲတွင် မြန်မာယူ (၂၁) အသင်း ဝင်ရာက်ယှဉ်ပြိုင်လျက်ရှိပါသည်။ မြန်မာယူ ၂၁ အသင်းသည် အုပ်စု (က)တွင် (၂)ပွဲနိုင် (၁)ပွဲသရေ ရမှတ် (၇) မှတ်ရရှိကာ အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ (Xinhua)