Sport
မကွေးအက်ဖ်စီဘောလုံး အသင်း ဖျက်သိမ်း ၊ ကစားသမားများအား လျော်ကြေးပေးပြီးဖြစ်ဟု ဆို

ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)
မကွေးတိုင်းဒေသကြီးကိုယ်စားပြုအသင်းဖြစ်သည့် မကွေးအက်ဖ်စီဘောလုံးအသင်းအနေဖြင့် ဆက်လက်ရပ်တည်ရန် အခက်အခဲကြုံသောကြောင့် အသင်းကိုဖျက်သိမ်းလိုက်ကြောင်း၊ အသင်းကစားသမားများအား အောက်တိုဘာ ၁၄ ရက်တွင် လျာ်ကြေးပေးပြီးဖြစ်ကြောင်း အသင်းအုပ်ချုပ်သူဦးကြည်လွင်က ဆင်ဟွာသို့ အောက်တိုဘာ ၁၄ ရက်တွင်ပြောကြား သည်။
“အဓိကက COVID-19 ကြောင့် အသင်းအနေနဲ့ ရပ်တည်ဖို့ ခက်ခဲလာတာပေါ့။ ကျွန်တော်တို့ အသင်းပိုင်ရှင် သူဌေးကိုလည်းကျေးဇူးတင်ပါတယ်။ ကစားသမားတွေ၊ နည်းပြတွေ နဲ့ တခြားဝန်ထမ်းတွေအပါအဝင် အသင်းမှာ လူပေါင်း ၁၀၀ ကျော်ရှိပါတယ်။ ကျွန်တော်တို့ ကစားသမားတွေနဲ့ နည်းပြတွေကို မူရင်းလစာရဲ့ ၃လစာ ကိုလျော်ကြေးပေးလိုက်ပါပြီ” ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။
မကွေးအသင်းသည် မြန်မာ လိဂ်ပြိုင်ပွဲ စတင်သည့် ၂၀၀၉ ခုနှစ်ကတည်းက ပါဝင်ယှဉ်ပြိုင်ခဲ့ ပြီး အသင်းသက်တမ်း ၁၂ နှစ် ခန့်အကြာတွင် ဖျက်သိမ်းလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။ မကွေးအသင်းသည် လက်ရွေးစင်အဆင့် ကစားသမားများကိုလည်း မွေး ထုတ်ပေးနိုင်ခဲ့ကြောင်း၊ မကွေးအသင်းသည် ၂၀၁၆ တွင် ဗိုလ်ချုပ်အောင်ဆန်း ဒိုင်း ရှုံးထွက်ချန်ပီယံဆု ရယူနိုင်ခဲ့ပြီး၊ ၂၀၂၀ မြန်မာလိဂ်ပြိုင်ပွဲ တွင် အမှတ် ပေးဇယား အဆင့် (၈) နေရာ၌ ရပ်တည်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ မကွေးအက်ဖ်စီအသင်း မှာ စုစုပေါင်း ဘောလုံးအသင်း ၃သင်းရှိတယ်။အသင်းကြီးရှိတယ်။ ၂၁ နှစ်အောက်ရှိတယ်။၁၉နှစ်အောက်ရှိတယ်။ အခုက COVID-19 ကာလဆိုတော့ ကစားသမားတွေ အတွက် ကျွန်တော့်အနေနဲ့ စာနာမိပါတယ်။ တခြားအသင်းတွေမှာ ကျွန်တော့်ကစားသမားတွေကို ကစားရစေချင်ပါတယ်’’ ဟု ၎င်းကဆက်လက်ပြောကြားသည်။
မကွေးအက်ဖ်စီအသင်း ကစားသမားတစ်ဦးဖြစ်သူ ကိုပြည့်မိုးက “ကျွန်တော်တို့လျော်ကြေးဒီနေ့ရပါပြီ။ အသင်းကို နှုတ်ဆက်ရတဲ့ အတွက် အရမ်းစိတ်မကောင်းဖြစ်တယ်လို့ပြောချင်ပါတယ်” ဟု ဆိုသည်။
မကွေးအက်ဖ်စီအသင်းသည် ယခုနှစ်ဘောလုံးရာသီတွင် ၁၈ပွဲကစားခဲ့ရာ၄ပွဲနိုင်၊ ၄ပွဲသရေ၊ ၁၀ပွဲရှုံး ရမှတ် ၁၆မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၈ နေရာ၌ ရပ်တည်ခဲ့ကြောင်း သိရသည်။ (Xinhua)