Sport
အပြည်ပြည်ဆိုင်ရာ စစ်တုရင် ဖိတ်ခေါ် ပြိုင်ပွဲ နိုဝင်ဘာ ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်

ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)
Myanmar International Open Chess Tournament 2015 ပြိုင်ပွဲကို နိုဝင်ဘာ ၂၃ ရက်မှ ၂၇ ရက်အထိ ရန်ကုန်မြို့ရှိ စင်ထရယ် ဟိုတယ်တွင် ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်က သတင်း ထုတ်ပြန်သည်။
မြန်မာအိုးပင်း လက်ရည်စစ် စစ်တုရင်ပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သည့် ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာ ဝန်ကြီး ဌာနမှ ပြိုင်ပွဲဝင်မည့် ကိုစိုးမင်းကျော် က Physical ပိုင်းကောင်းအောင် ကြိုးစားပြီး ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။
အဆိုပါပြိုင်ပွဲ ဝင်ရောက်ယှဉ် ပြိုင်လိုသူများအနေဖြင့် ရန်ကုန်မြို့ အောင်ဆန်း အားကစား ပြိုင်ဝင်းရှိ မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်တွင် ပတ်စ်ပို့ ဓာတ်ပုံနှစ် ပုံနှင့် အတူ နိုဝင်ဘာ ၁၅ ရက် နောက်ဆုံးထား စာရင်း ပေးသွင်း နိုင်ကြောင်း သတင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ပြိုင်ပွဲ ဝင်ကြေးအနေဖြင့် ၂ဝ၁၅ မြန်မာ အိုးပင်း လက်ရည်စစ် စစ်တုရင် ပြိုင်ပွဲတွင် အဆင့် (၁) မှ (၂ဝ) ထိရရှိခဲ့ သူများကို ဝင်ကြေး အခမဲ့ဖြင့် လည်းကောင်း၊ အဆင့် (၂၁) မှ (၃ဝ) ထိရရှိ ခဲ့သူများကို ငွေကျပ် ၁၅,ဝဝဝ နှင့် အဆင့် (၃၁) မှ (၄ဝ) ထိ ရရှိခဲ့သူများ ကို ငွေကျပ် ၃ဝ,ဝဝဝ နှုန်းဖြင့် ဈေးလျှော့ကာ ဝင်ရောက်ယှဉ်ပြိုင် ခွင့်ပြုမည် ဖြစ်သည်။
ပြိုင်ပွဲတွင် ပထမဆု အမေရိကန် ဒေါ်လာ ၃,ဝဝဝ၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၁,၄ဝဝ၊ တတိယဆု အမေရိကန် ဒေါ်လာ ၁,ဝဝဝ၊ စတုတ္ထဆု အမေ ရိကန်ဒေါ်လာ ၈ဝဝ၊ ပဉ္စမဆုအမေ ရိကန်ဒေါ်လာ ၆ဝဝ အသီးသီးချီးမြှင့် မည်ဖြစ်သည်။
ထို့အပြင် အကောင်းဆုံး မြန်မာ ကစားသမားများအတွက် ပထမဆု အမေရိ ကန်ဒေါ်လာ ၇ဝဝ၊ ဒုတိယ ဆု အမေရိကန် ဒေါ်လာ ၄ဝဝ၊ တတိယဆု အမေရိကန် ဒေါ်လာ ၂ဝဝ ချီးမြှင့်မည် ဖြစ်သည်။ ၎င်းအပြင် အသက် ၁၈ နှစ် အောက်၊ အသက် ၁၄ နှစ် အောက် နှင့် အသက် ၁ဝ နှစ် အောက် ပြိုင်ပွဲများတွင် အကောင်းဆုံး အမျိုးသမီး ကစားသမားနှင့် အကောင်းဆုံး လူငယ် ကစားသမား ဆုများကို အမေ ရိကန် ဒေါ်လာ ၁ဝဝ စီ ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)