Connect with us

Sport

ကျောင်းပေါင်းစုံ တက္ကသိုလ်ပေါင်းစုံ စစ်တုရင် ပြိုင်ပွဲများ ကျင်းပပေးသင့်ဟုဆို

နိုင်ငံ့ဂုဏ်ဆောင် စစ်တုရင် ချန်ပီယံ သုံးဦးအား ဂုဏ်ပြုပွဲတွင် ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး အဖွင့် စကား ပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ မေ ၁၇ ရက် (ဆင်ဟွာ)

အခြေခံပညာနှင့် တက္ကသိုလ်ကျောင်းများတွင် စစ်တုရင် အားကစား ထွန်းကားလာစေရန် ကျောင်းပေါင်းစုံ၊ တက္ကသိုလ် ပေါင်းစုံ စစ်တုရင် ပြိုင်ပွဲများ ကျင်းပပေးသင့်သည်ဟု ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးက ယနေ့ ညနေပိုင်းတွင် ပြောကြားခဲ့သည်။

“စစ်တုရင်ကစားနည်းဟာ အားကစား ပစ္စည်း၊ ကုန်ကျစရိတ်၊ ယှဉ်ပြိုင်ဘက် စတဲ့ လိုအပ်ချက်တွေ အနည်းဆုံး ဖြစ်တယ်၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှုကို အခြေခံပြီးကစားရလို့ ကျောင်းသားတွေ ရှေ ့ရေးအတွက် အကျိုးထူးရစေပြီးအလွန်အလားအလာကောင်းတဲ့ကစားနည်းဖြစ်တယ်၊ ဒါကို ကစားခြင်းဖြင့် မူးယစ်ဆေး၊ အရက် သုံးစွဲတာတွေလည်း အရမ်းနည်းသွား မယ်၊ မြန်မာနိုင်ငံနဲ့အလွန်ကိုက်ညီတဲ့ ကစားနည်း ဖြစ်တယ်၊ စစ်တုရင်ကစားနည်း တွင်ကျယ်လာ အောင် လုပ်ဖို့ စီစဉ်သွားမယ်၊ ကျောင်းပေါင်းစုံ၊ တက္ကသိုလ် ပေါင်းစုံ စစ်တုရင် ပြိုင်ပွဲတွေ ကျင်းပ ပေးသင့်တယ်” ဟု နေပြည်တော် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွင် ယနေ့ညနေ ပိုင်း ပြုလုပ်ခဲ့သည့် နိုင်ငံ့ ဂုဏ်ဆောင် စစ်တုရင် ချန်ပီယံ အားကစားသမား သုံးဦးတို့အား ဂုဏ်ပြုပွဲ၌ ၎င်းက ပြောခဲ့သည်။

နိုင်ငံ့ဂုဏ်ဆောင် စစ်တုရင် ချန်ပီယံ သုံးဦးအား ဂုဏ်ပြုပွဲအခမ်းအနားအားတွေ့ရစဉ် (ဆင်ဟွာ)

ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် ပညာရေး ဝန်ကြီးဌာနသို့ ဇွန်လထဲတွင် တင်ပြသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ်နှင့် ပူးပေါင်းကာ စစ်တုရင် သင်တန်းများ ဖွင့်လှစ်သွားမည် ဖြစ် ကြောင်း၊ ဝန်ကြီးဌာနက ထုတ်ဝေသည့် အားကစား မဂ္ဂဇင်းအပါအဝင် သတင်းစာကဲ့သို့နိုင်ငံပိုင် မီဒီယာများတွင် စစ်တုရင် ကစားကွက်များ ထည့်သွင်းဖော်ပြခြင်း စသည့် နည်းလမ်းများဖြင့် စစ်တုရင် အားကစား တွင်ကျယ်ရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဒေါက်တာ မြင့်ထွေးက ပြောခဲ့သည်။

စစ်တုရင် ချန်ပီယံ အားကစားသမားများအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး ့က ဆုများ အသီးသီး ပေးအပ်နေစဉ် (ဆင်ဟွာ)

“ကျောင်းတွေမှာ တက္ကသိုလ်တွေမှာ အရပ်ထဲမှာ စစ်တုရင် ကစားလာအောင် ဘယ်လို လုပ်ကြမလဲ ဆိုတာကို new idea တွေနဲ့ လုပ်ကြဖို့ DG (ညွှန်ကြားရေးမှူးချုပ်) များကလည်း စဉ်းစားပေးကြပါ” ဟုလည်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။ယနေ့ညနေ ဂုဏ်ပြုဆုများ ချီးမြှင့်ခံရသည့် နိုင်ငံ့ဂုဏ်ဆောင် စစ်တုရင် ချန်ပီယံ သုံးဦးတို့မှာ အီတလီနိုင်ငံ Spoleto မြို့တွင် ဧပြီ ၁ ရက်မှ ၉ ရက်နေ့အထိ၊ နိုင်ငံ ၂၇ နိုင်ငံမှ အားကစားသမား ၆၄ ဦးတို့ဖြင့် ကျင်းပခဲ့သည့် ၂၀၁၇ ခုနှစ် ကမ္ဘာ့အပျော်တမ်း တံခွန်စိုက် စစ်တုရင် ပြိုင်ပွဲ၌ ချန်ပီယံဆု ရရှိခဲ့သော ဦးဝင်းထွန်း၊ ၂၀၁၆ အာရှ စီနီယာ တံခွန်စိုက် စစ်တုရင် ပြိုင်တွင် ချန်ပီယံဆုရရှိခဲ့သော ဦးမြင့်ဟန်နှင့် ၂၀၁၅ ခုနှစ် အာဆီယံ စီနီယာ တံခွန်စိုက် ပြိုင်ပွဲတွင်ချန်ပီယံဆု ရရှိခဲ့သော ဦးခင်ကို တို့ ဖြစ်ကြပြီး ၎င်းတို့အား ပြည်ထောင်စု ဝန်ကြီးက ငွေသားဆုများဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံ စစ်တုရင် အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဒုတိယ ဥက္ကဋ္ဌတို့က ငွေသားဆုများနှင့် ဆုတံဆိပ်များဖြင့်လည်းကောင်း အသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြသည်။နိုင်ငံတကာ အာားကစားပြိုင်ပွဲများတွင် အောင်နိုင်ဆုများ ရယူနိုင်ခြင်းသည် နိုင်ငံနှင့် လူမျိုးတို့၏ ဂုဏ်သိက္ခာနှင့် အားကစား အဆင့်အတန်းကို မြှင့်တင်ပေးခြင်းဖြစ်သောကြောင့် ယခုကဲ့သို့ ဂုဏ်ပြုရ ခြင်းဖြစ်ကြောင်းနှင့် နောင်လာမည့် နိုင်ငံတကာ ပြိုင်ပွဲများတွင် ယခုကဲ့သို့ရွှေတံဆိပ်များ ဆင့်ကဲ ဆင့်ကဲ ရရှိပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်အောင် ဆက်လက် ကြိုးပမ်းသွားကြရန်လည်း ပြည်ထောင်စုဝန်ကြီးကတိုက်တွန်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.