Connect with us

Economy

မြန်မာ-တရုတ် ကုန်စည်ပြပွဲက မြန်မာကုမ္ပဏီများကို စီးပွားရေး အခွင့်အလမ်းများရရှိစေ

မေ ၂၅ ရက်မှ မေ ၂၈ ရက်အထိ ၄ ရက်ကြာကျင်းပသော မြန်မာ (နေပြည်တော်) တရုတ် (လင်ချန်း) စီးပွားရေးကုန်စည်ပြပွဲ၊ (စတုတ္ထအကြိမ်မြောက် မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေးကုန်စည်ပြပွဲ မြင်ကွင်းများကိုတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်၌ မေ ၂၅ ရက်မှ မေ ၂၈ ရက်အထိ ၄ ရက်ကြာကျင်းပသော မြန်မာ-တရုတ် ကုန်စည်ပြပွဲသို့ နှစ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၁၀၀ ကျော် လာရောက်ခဲ့ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များ ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။လယ်ယာထွက်ကုန်များ၊ စားသောက်ကုန်များ၊ အအေးနှင့် အဖျော်ယမကာများ၊ ဆေးဝါးထုတ်ကုန်များ လူသုံးကုန်ပစ္စည်းများနှင့် လျှပ်စစ်မော်တော်တော်ယာဉ်များဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်များကို နှစ်နိုင်ငံမှ ကုမ္ပဏီများ လက်မှတ်ရေးထိုးခဲ့ကြသည်။

တရုတ်ကုမ္ပဏီတစ်ခုနှင့် သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့သည့် မြန်မာနိုင်ငံမှပဲနှင့် ပဲမျိုးစုံကုမ္ပဏီ ဖြစ်သော Six Six Eight ကုမ္ပဏီလီမိတက် မှ မန်နေဂျာ ဦးခင်အောင်သက်က “ဒီလိုလက်မှတ်ရေးထိုးနိုင်တာက ဝမ်းသာစရာကိစ္စဖြစ်ပါတယ်။ အခွင့်အရေးအထူးရတယ်လို့ သဘောထားပါတယ်။ အကျိုးကျေးဇူးအနေနဲ့ ကျွန်တော်တို့ရဲ့ ပဲတွေကို တရုတ်ကို ရောင်းချမှာဖြစ်ပါတယ်’’ဟုပြောသည်။

“ဒီလိုလက်မှတ်ရေးထိုးတာက နိုင်ငံအတွက် ဝင်ငွေရတဲ့အပြင် ကျွန်တော်တို့ကုမ္ပဏီအနေနဲ့လည်း ဝင်ငွေရပါတယ်။ ကုန်စည်ပြပွဲကျင်းပပေးတဲ့အတွက် ဝယ်သူကို အထူးတလည်ရှာစရာမလိုတော့လို့ အလွန်ဝမ်းသာမိပါတယ်” ဟု ဦးခင်အောင်သက်က ဖြည့်စွက်ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံက နည်းပညာဖွံ့ဖြိုးတိုးတက်တယ်။ သူတို့ရဲ့နည်းပညာက ကျွန်တော်တို့ထက်ကောင်းပါတယ်။ ကုန်စည်ပြပွဲက နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများ ပေါင်းစည်းခြင်းဖြစ်ပါတယ်။ ဒါကနှစ်နိုင်ငံစလုံးအတွက် အကျိုးရှိပါတယ်”ဟု ၎င်းကဆက်ပြောသည်။

မြတ်စံကျောက်စိမ်းနှင့် ကျောက်မျက်ရတနာရောင်းဝယ်ရေးမှ ဆိုင်ရှင် ဒေါ်ချိုချိုအေးက ကုန်စည်ပြပွဲတွင် ပါဝင်ခွင့်ရသည့်အတွက် ပျော်ရွှင်မိကြောင်း ပြောကြားခဲ့သည်။“တရုတ်နဲ့ မြန်မာကြား ပူးပေါင်းဆောင်ရွက်တဲ့ ကုန်စည်ပြပွဲမှာ ကျွန်မတို့ရဲ့ ထုတ်ကုန်တွေကို ပထမဆုံးအကြိမ် ခင်းကျင်းပြသထားပါတယ်” ဟု ဒေါ်ချိုချိုအေး က ပြောကြားခဲ့သည်။
“တရုတ်လူမျိုးတွေက ကျွန်မတို့ ကချင်ပြည်နယ်က ကျောက်စိမ်းတွေကို ကြိုက်နှစ်သက်ကြပါတယ်။သူတို့တွေက ကျွန်မတို့နိုင်ငံက ကျောက်စိမ်းတွေကို ဈေးမြင့်ပေးပြီး ဝယ်ယူကြပါတယ်” ဟု ကချင်ပြည်နယ်၊ ဖားကန့်မြို့မှ နေ၍ ကုန်စည်ပြပွဲသို့လာရောက်ပြသခဲ့သော ဒေါ်ချိုချိုအေးကပြောသည်။မြန်မာ-တရုတ် ကုန်စည်ပြပွဲတွင် ပါဝင်ခြင်းဖြင့် ၎င်းတို့၏ ထုတ်ကုန်များကို ပြသနိုင်ပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်များ နှင့် ချိတ်ဆက်နိုင်သောကြောင့် စီးပွားရေး အခွင့်အလမ်းများ ရရှိခဲ့ကြောင်း ပြပွဲတွင် ပြသသော မြန်မာကုမ္ပဏီတချို့က ဆင်ဟွာသို့ ပြောကြားခဲ့သည်။

၎င်းတို့အနက် တစ်ဦးမှာ သစ်ထွင်းလေဆာပန်းချီနှင့် မော်ဒန်ပရိဘောဂဒီဇိုင်း လုပ်ကိုင်သော နေပြည်တော်ပုံရိပ်သစ် လုပ်ငန်းမှ မအိအိဝင်းလည်းတစ်ဦးအပါအဝင်ဖြစ်သည်။
“ကျွန်မတို့အနေနဲ့ ကျွန်မတို့ရဲ့ ထုတ်ကုန်တွေကို ပြည်ပကိုတင်ပို့ဖို့ ကြိုးစားနေပါတယ်။ဒီပွဲမှာ ပြသတဲ့အတွက် network ကျယ်ပြန့်တဲ့ အတွက် ကျွန်မတို့လုပ်ငန်းလည်းအဆင်ပြေပါတယ်။ ဒီပွဲမှာလည်း ကျွန်မတို့ရဲ့ထုတ်ကုန်တွေ ရောင်းရပါတယ်။ ဒီပွဲမှာ ပစ္စည်းအမျိုးအစားပေါင်း ၈၂ မျိုးကိုပြသထားပါတယ်” ဟု မအိအိဝင်းကပြောသည်။

“တရုတ်တွေက နည်းပညာတွေ ကျွန်မတို့ထက်ပိုကောင်းတယ်။ ကျွန်မတို့လုပ်ငန်း ကတရုတ်ရဲ့ နည်းပညာကြောင့် တိုးတက်နိုင်ပါတယ်”ဟု ၎င်းကဆက်ပြောသည်။
မေ ၂၈ ရက်ကပြီးဆုံးခဲ့သော လေးရက်ကြာ ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ အသင်းအဖွဲ့ သို့မဟုတ် လုပ်ငန်းပေါင်း ၆၀ နှင့် တရုတ်နိုင်ငံမှ လုပ်ငန်း ၇၀ ကျော်တို့ ဝင်ရောက်ပြသခဲ့ကြသည်။

မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရန်၊ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ရန်နှင့် နှစ်နိုင်ငံ လုပ်ငန်းရှင်များအကြား ပိုမိုရင်းနှီးသော ဆက်ဆံရေးမြှင့်တင်ရန် အတွက် အဆိုပါကုန်စည်ပြပွဲကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

“ဒီပွဲမှာတော့ တရုတ်နိုင်ငံ လင်ချန်းဘက်က အဝယ်အော်ဒါတွေရတယ်။ တရုတ်နိုင်ငံကို ပို့လို့ရရင် သူတို့ကယူမယ်လို့ပြောပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံကို တင်ပို့နိုင်ဖို့ကျွန်မတို့ ကြိုးစားပါဦးမယ်။ ပြည်တွင်းရော၊ ပြည်ပရော ကျွန်မတို့ထုတ်ကုန်တွေကို စိတ်ဝင်စားကြပါတယ်” ဟု Galaxy Star Furniture Company မှ မန်နေဂျင်းဒါရိုက်တာ ဒေါ်နန်းအေးလင်းက ဆင်ဟွာသို့ပြောသည်။ (Xinhua)