Connect with us

Economy

မြန်မာ့သရက်သီးအများစု တရုတ်စျေးကွက်သို့ တင်ပို့နေရ

ရန်ကုန်မြို့ရှိ လက်ကားဈေးကွက်တွင် ရောင်းချနေသည့် စိန်တစ်လုံးသရက်သီးများကို ၂၀၂၃ ခုနှစ်၊ ဇွန် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံမှ နာမည်ကြီး “စိန်တစ်လုံး” သရက်သီးများ ကို တရုတ်ဈေးကွက်သို့ အများဆုံးတင်ပို့နေရကြောင်း ပြည်တွင်းသရက်သီးတင်ပို့ရောင်းချသူများ၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် သရက်သီးအမျိုးအစားပေါင်း ၄၀၀ ကျော်ရှိသည့်အနက် စိန်တစ်လုံးသရက်သီးသည် ချိုသောအရသာ၊ တောက်ပသော အရောင်အသွေးနှင့် မွှေးပျံ့သည့် ရနံ့ရှိခြင်းတို့ကြောင့် တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချနေရသည့် ထိပ်တန်းသရက်သီးတစ်မျိုးဖြစ်ကြောင်း သရက်သီးတင်ပို့ရောင်းချသူများ၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့ရှိ လက်ကားဈေးကွက်တွင် ခင်းကျင်းထားသည့် သရက်သီးများကို ၂၀၂၃ ခုနှစ်၊ ဇွန် ၂၃ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

စိန်တစ်လုံးသရက်သီးများကို မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့တွင် အဓိကစိုက်ပျိုး ထုတ်လုပ်လျက် ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်ရပ်စောက်သရက်အစုအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက “တရုတ်ဈေးကွက်က အရမ်းကြီးတယ်။ ဈေးကွက်ဝေစုကလည်း ကြီးတယ်။ စိန်တစ်လုံးသရက်သီးကို မန္တလေး၊ စစ်ကိုင်း၊ ကသာ၊ ထီးချိုင့် တို့ဘက်ကလည်း ပို့ကြတယ်။ တရုတ်ရဲ့ ဈေးကွက်က အရမ်းကြီးလို့ ဥပမာ ကျွန်တော်တို့ တန် ၁၀၀ ပို့ တန် ၁၀၀ ကုန်တယ်။ တန် ၁,၀၀၀ ပို့ တန် ၁,၀၀၀ ကုန်တယ်” ဟုဆင်ဟွာသို့ပြောသည်။

ရှမ်းပြည်နယ်မှ သရက်သီးများကို ဇွန်လ ပထမပတ်မှ ဇူလိုင်လ ပထမပတ်အတွင်း ခူးဆွတ်ကြကြောင်း သိရသည်။
ရှမ်းပြည်တောင်ပိုင်းမှ တောင်သူများအနေဖြင့် ၂၀၂၃ ခုနှစ်တွင် သရက်သီးတန်ချိန် ၂,၀၀၀ ကျော်တင်ပို့ခဲ့ပြီးဖြစ်ကြောင်း ဦးမြင့်ဦး၏ ပြောကြားချက်အရ သိရသည်။
မြန်မာနိုင်ငံမှ သရက်သီးများကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရသည့် အကြောင်းရင်းမှာ အိမ်နီးချင်းနိုင်ငံဖြစ်သည့်အတွက် သွားလာရေး လွယ်ကူလျင်မြန်မှု၊ သယ်ယူပို့ဆောင်မှု စရိတ်စက နည်းပါးခြင်းနှင့် လမ်းခရီးတိုတောင်းခြင်းကြောင့် သစ်သီးများ လတ်ဆတ်သည့်အတွက်ဖြစ်ကြောင်း ဦးမြင့်ဦးကဆိုသည်။

မြန်မာနိုင်ငံမှ သရက်သီးများကို တရုတ်နိုင်ငံသို့ နယ်စပ်မှ တစ်ဆင့် အဓိကတင်ပို့ကြောင်း သိရသည်။ ပို့ကုန်လုပ်ငန်းစဉ်တစ်လျှောက် သရက်သီးများ လတ်ဆတ်ဖို့ အထားခံအောင် ထိန်းသိမ်းရန် အရေးကြီးကြောင်း ပြည်တွင်းသရက်သီးတင်ပို့သူများက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

အဆိုပါ သရက်သီး၏ လတ်ဆတ်မှု အခြေအနေဖြင့်တရုတ်ဈေးကွက်သို့တင်ပို့ခြင်းက တရုတ်နိုင်ငံမှ စားသုံးသူများအား ဆွဲဆောင်ရန် အဓိကအချက်များထဲမှ တစ်ခုဖြစ်သည်ဟု ၎င်းတို့ကဆိုသည်။

“တရုတ်နိုင်ငံကို စိန်တစ်လုံးသရက်သီး ပိုမိုတင်ပို့နိုင်ဖို့ဆိုရင် ကျွန်တော်တို့ သရက်သီးက အနံ့လည်းရှိတယ်။ အရသာလည်းချိုတယ်။ ဒါတွေက ပြည့်စုံပြီးသား။ ဒါပေမယ့် ကျွန်တော်တို့ ဒီဘက်ခေတ်ကကျတော့ လူတွေက ပွင့်လင်းပြီးတိုးတက်လာတဲ့ အခါ ပစ္စည်းတစ်ခုကို အမြင်နဲ့လည်း ကြည့်ကြတယ်။ အရသာရှိပြီးသားပေမဲ့အသီးရဲ့ အသွင်သဏ္ဌာန်ပေါ့။ အဲဒါကိုလည်း ကျွန်တော်တို့ကအလေးဂရုမပြုလို့ မရဘူး။ ဒီထုတ်လုပ်မှုကွင်းဆက် တွေဖြစ်တဲ့ ခူးဆွတ်မှု၊ မခူးဆွတ်ခင် ပြုစုရမယ့် အရာတွေ လုပ်ဖို့လိုပါတယ်။ သရက်သီးကို ထုပ်ပိုးမှုတွေလည်း ပိုမိုကောင်းမွန်ဖို့ လိုပါတယ်’’ ဟု ဦးမြင့်ဦးက ပြောသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အနာဂတ် သရက်သီးတင်ပို့ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်သည့်အတွက် တရုတ်ဝယ်လက်များ၏ လိုအပ်ချက်များကို ဒေသခံတောင်သူများကို မျှဝေပေးရန် အရေးကြီးကြောင်း ၎င်းက မှတ်ချက်ပြုသည်။
“အခုချိန်မှာ တောင်သူတွေကလည်း တရုတ်ဘက်နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး အလုပ်လုပ်နေပါတယ်။ ဒါကြောင့် တောင်သူတွေ အနေနဲ့လည်း တရုတ်နိုင်ငံရဲ့ လိုအပ်ချက်ကို သိပါတယ်” ဟု၎င်းက ပြောသည်။ (Xinhua)
### #


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117