Connect with us

Politics

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇန်နဝါရီ ၁၁ ရက်က နေပြည်တော်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံ နိုင်ငံခေါင်းဆောင်များက ဒေါ်အောင်ဆန်းစုကြည်အား ချစ်ကြည်ရင်းနှီးစွာ နှုတ်ခွန်းဆက်သလိုက်ပါကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အထွေထွေရွေးကောက်ပွဲအပြီး ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော ပထမဆုံး နိုင်ငံခြားရေးဝန်ကြီးဖြစ်သည့်အတွက် အထူးပင်ဝမ်းမြောက်ကြောင်း၊ ၎င်းမှာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပြသခြင်းဖြစ်သလို နှစ်ဖက်စလုံးက နှစ်နိုင်ငံဆက်ဆံရေးအား အထူးအလေးထားသည်ကို ဖော်ပြခြင်းဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်ရာ တရုတ်နိုင်ငံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ အဆင်ပြေချောမွေ့စွာ နိုင်ငံရေးစီမံအုပ်ချုပ်မှုများကို ခိုင်မာစွာ ထောက်ခံသလို မိမိနိုင်ငံနှင့်ကိုက်ညီသည့် ဖွံဖြိုးရေးလမ်းစဉ်ကိုလျှောက်လှမ်းနေသည့် မြန်မာနိုင်ငံအား ခိုင်မာစွာ ထောက်ခံကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံအချုပ်အချာအာဏာ၊ လုံခြုံရေးနှင့်ဖွံ့ဖြိုးရေးအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းမှုများကိုလည်း ခိုင်မာစွာ ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်တွင် သမ္မတရှီကျင့်ဖိန် မြန်မာနိုင်ငံသို့ အောင်မြင်စွာ လာရောက်လည်ပတ်ခဲ့ကြောင်း၊ အရေးအကြီးဆုံး ရလဒ်အနေဖြင့် အေးတူပူမျှရှိသည့် ကံတူအကျိုးပေးအသိုက်အဝန်းတည်ဆောက်သွားရန် နှစ်ဖက် ဆုံးဖြတ်ခဲ့ကြရာ နှစ်နိုင်ငံဆက်ဆံရေး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၏ဦးတည်ချက်လမ်းညွှန်ဖြစ်ခဲ့ကြောင်း၊ ယခုအကြိမ်တွင် အဆိုပါဦးတည်ချက်ကို အကောင်အထည်ဖော်မည့် “ဆောင်ရွက်မှု အစီအစဉ်”များ မူအားဖြင့် သဘောတူညီမှုရရှိခဲ့ရာ နှစ်နိုင်ငံ ခေါင်းဆောင်များ၏သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် တရုတ်-မြန်မာ အေးတူပူအမျှအသိုက်အဝန်း အတူတွန်းအားပေးတည်ဆောက်ရန် အသေးစိတ်လမ်းညွှန်မှုအားအင်သစ်တိုးလာစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ဆက်လက်ထောက်ခံအားပေးသွားလိုရာ ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများနှင့် ကာကွယ်ဆေးအကူအညီများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်မှုများကို အတူဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကပ်ရောဂါကို မြန်မာနိုင်ငံက အနိုင်တိုက်ဖျက်နိုင်မည်ဟု ယုံကြည်ရာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည်လည်း ကပ်ရောဂါတိုက်ဖျက်ရေး အတူလက်တွဲမှုကြောင့် တစ်ဆင့်တိုး နက်ရှိုင်းလာမည်ဖြစ်ကြောင်း ဝမ်ရိကပြောကြားခဲ့သည်။

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံသည် ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းကြီးဖြစ်သလို နှစ်နိုင်ငံအေးတူပူအမျှအသိုက်အဝန်းတည်ဆောက်သည့် အသေးစိတ်လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှုလည်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ တရုတ်-မြန်မာ ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေး (၅)နှစ် စီမံကိန်း သဘောတူညီချက်ကို လက်မှတ်ရေးထိုး အကောင်အထည်ဖော်ဆောင်ရွက်သွားလိုကြောင်း၊ စင်္ကြံ၏အနောက်၊ မြောက်၊ အရှေ့ သုံးဘက်စွန်းတည်ဆောက်မှုကို အရှိန်မြှင့်တင်၍ ကျောက်ဖြူရေနက်ဆိပ်ကမ်း၊ နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များကို တွန်းအားပေးဆောင်ရွက်ခြင်း၊ ရန်ကုန်မြို့သစ် စီမံကိန်း စောလျဉ်းစွာ အကောင်အထည်ဖော်နိုင်ခြင်းတို့ဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ပြုကာ သာမန်ပြည်သူလူထု၏အကျိုးစီးပွားကို ကျယ်ပြန့်အောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် မိတ်ဆွေသင်္ဂဟချင်း အပြန်အလှန်အားပေးထောက်ခံခြင်း ကူညီခြင်း ဖြစ်သလို နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဖော်ပြခြင်းလည်း ဖြစ်ကြောင်း ၊ မိမိတို့အနေဖြင့် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းများကို မြန်မာနိုင်ငံနှင့်အတူ မျှဝေကာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်၍ နှစ်ဖက်အပြန်အလှန်အကျိုးဖြစ်ထွန်းရေးကို အကောင်အထည်ဖော်ဆောင်ရွက်သွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။

ယခုနှစ်သည် မြန်မာနိုင်ငံအနေဖြင့် တရုတ်-အာဆီယံဆက်ဆံရေး ညှိနှိုင်းနိုင်ငံနှင့် လန်ချန်း-မဲခေါင်းပူးပေါင်းဆောင်ရွက်မှု ပူးတွဲဥက္ကဋ္ဌ နိုင်ငံအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပုံမှန်ဆောင်ရွက်သွားသည့်အခြေအနေတွင် လန်ချန်-မဲခေါင်းပူးပေါင်းဆောင်ရွက်မှု စိတ်ကူးသစ်များကို တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း၊ တရုတ်-အာဆီယံ ညှိနှိုင်းဆွေးနွေးမှုဆက်ဆံရေး တည်ထောင်သည့် နှစ်(၃၀)ပြည့်အခါသမယတွင် တရုတ်-အာဆီယံဆက်ဆံရေးကို ကဏ္ဍသစ်သို့ လျှောက်လှမ်းရန် အတူ တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊နိုင်ငံခြားရေးဝန်ကြီးဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည်ကို လှိုက်လှဲစွာကြိုဆိုကြောင်းနှင့် တရုတ်နိုင်ငံ၏နိုင်ငံခေါင်းဆောင်များအား နှုတ်ခွန်းဆက်သကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့်ဆက်ဆံရေးကို မြန်မာနိုင်ငံက အထူးအလေးထားရာ အစိုးရသစ်စတင်ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေး တစ်ဆင့်တိုး ဖွံ့ဖြိုးရန်အတွက် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ၊ ကပ်ရောဂါသက်ရောက်မှုကို တရုတ်နိုင်ငံက အောင်မြင်စွာ ကျော်ဖြတ်ကာ စီးပွားရေးပုံမှန်တိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်သည့်အတွက် ချီးကျူးဂုဏ်ပြုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ယခုနှစ်များတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ၏ပူးပေါင်းဆောင်ရွက်မှုများသည် ရလဒ်ကောင်းများ ရရှိခဲ့ရာ အပြန်အလှန်အကျိုးဖြစ်ထွန်းမည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုကောင်းမွန်အောင် မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့်အတူ ဆောင်ရွက်သွားလိုကြောင်း၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံတည်ဆောက်မှုကို အလေးထားရာ တရုတ်နိုင်ငံနှင့်အတူ အချိန်မီညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်၍ သက်ဆိုင်ရာစီမံကိန်းများကို အတူတွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ၊ တရုတ်နိုင်ငံ၏ ကာကွယ်ဆေးအကူအညီပေးမှုကို ကျေးဇူးတင်ရှိကြောင်းနှင့် မြန်မာထုတ်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့မှုကို ထပ်မံတစ်ဆင့်တိုးချဲ့ရန် ဆောင်ရွက်စေလိုကြောင်း ၊ အလုပ်သမားရေးရာပူးပေါင်းဆောင်ရွက်မှု အားဖြည့်ကာ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်၍ရကြောင်း၊ အာဆီယံ-တရုတ် ဆက်ဆံရေးဖွံဖြိုးတိုးတက်ရန် မြန်မာနိုင်ငံက အပြုသဘောဆောင် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။ထို့အပြင် အတူအာရုံစိုက်ဂရုပြုကြသည့် နိုင်ငံတကာနှင့်ဒေသတွင်းရေးရာကိစ္စများနှင့်စပ်လျဉ်း၍ နှစ်ဖက် အမြင်သဘောထားခြင်း နက်ရှိုင်းစွာ ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)