Connect with us

Politics

သမ္မတရှီကျင့်ဖိန်၏ ခရီးစဉ်က တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး စာမျက်နှာသစ် ရေးထိုးရန်ဖြစ် 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ Ruili မြို့ရှိ ဈေးတစ်ခုတွင် မြန်မာနိုင်ငံမှ တင်ပို့လာသော ဂဏန်းကောင်များကို အလုပ်သမားများ ရွေးချယ်နေသည်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၁၅ ရက်(ဆင်ဟွာ)

နေ့စဉ် နံနက်ခင်းတိုင်းတွင် ဝမ်တိန် နယ်စပ်ဂိတ်ကို ဖြတ်ကျော်၍ မြန်မာနိုင်ငံမှ တင်ပို့လာသော  ဂဏန်းကောင်များ နှင့် အခြားသော ရေထွက်ပစ္စည်းအမျိုးမျိုး တန်ချိန် ဒါဇင်ပေါင်းများစွာသည် တရုတ်နိုင်ငံ တစ်ဝန်းရှိ ပင်လယ်စာနှစ်သက်သူများဆီသို့ ဖြန့်ဖြူးပေးနိုင်ရန် ဝမ်တိန်ငါးဈေးအတွင်း စတင်ဝင်ရောက်လာခဲ့သည်။ 

အဆိုပါ ဝမ်တိန်ငါးဈေးတွင် ယခုအခါ ကုန်စည်သိုလှောင်ရုံအဆောက်အဦတစ်လုံး ၊ စစ်ဆေးချိန်တွယ်သည့်ဌာနများ ၊ အအေးခန်းများ နှင့် ရေဆိုးစွန့်ပစ်စနစ်များကို တည်ဆောက်ထားပြီး လူအများကျပ်တည်းစွာ လုပ်ကိုင်ဆောင်ရွက်ခြင်း မရှိရလေအောင် ၊ အညစ်အကြေး နှင့် အနံ့အသက်ဆိုးများ မခံစားရလေအောင် နေရာကျယ်ကျယ်ဝန်းဝန်းတစ်ခုဖန်တီးပေးထားရာ အိမ်နီးချင်းနှစ်နိုင်ငံအကြား ကုန်စည်ဖလှယ်မှုအတွက် ကောင်းမွန်သော နေရာအခင်းအကျင်းတစ်ခုပင်ဖြစ်သည်။

ငါးဈေးကို ထပ်မံတိုးချဲ့ရန် အစီအစဉ်များချမှတ်ထားပြီးဖြစ်ရာ အနာဂတ်ကုန်စည်ဖလှယ်မှုတွင် ကုန်သည်များအတွက် အပေါင်းလက္ခဏာအကောင်းဖက်ရှုမြင်ရန် ယခုအခါ အကြောင်းပြချက်ကောင်းများစွာ ပိုမို ရရှိထားပြီးဖြစ်သည်။ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်၏ မကြာမီ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့်ခရီးစဉ်သည် ကာလရှည်ကြာတည်ရှိခဲ့သော တရုတ်-မြန်မာဆွေမျိုးပေါက်ဖော် (သို့မဟုတ်) ညီအရင်းအစ်ကိုဆက်ဆံရေး၏ ခေတ်သစ်တစ်ခုဆီ စတင်ဝင်ရောက်ရန် အမြင့်ဆုံး မျှော်လင့်ချက်ပင် ဖြစ်သည်။

 မြန်မာနိုင်ငံရှိ ဈေးတစ်ခုတွင် ဟင်းသီးဟင်းရွက်များ ရောင်းချရန် ယူနန်ပြည်နယ် မုန့်ဟိုင် နယ်စပ်ဂိတ်အား ဖြတ်သန်းရန်အတွက် စောင့်ဆိုင်းနေသည့် တရုတ်လယ်သူမ Yukan အား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကံကြမ္မာအကျိုးတူ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ သွားရောက်လည်ပတ်မည့် သမ္မတရှီ၏ ခရီးစဉ်သည် ယခုနှစ်တွင် ပထမဆုံး ပြည်ပခရီးစဉ်တစ်ခုဖြစ်ရုံမျှသာမက ၁၉ နှစ်ကြာပြီနောက် တရုတ်နိုင်ငံသမ္မတတစ်ဦးအနေဖြင့် ပထမဆုံး အိမ်နီးချင်းမြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်သည့် ခရီးစဉ်တစ်ခုလည်းဖြစ်သည်။ထို့ပြင် ယခုနှစ်သည် တရုတ်-မြန်မာသံတမန်ဆက်ဆံရေးထူထောင်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခါသမယလည်းဖြစ်ရာ ယခုခရီးစဉ်သည် အလွန်အရေးပါသော အဓိပ္ပါယ်ကို ဖော်ဆောင်နေသည်။

သမ္မတရှီ၏ ခရီးစဉ်အတွင်း နှစ်ဖက်သည် တရုတ်-မြန်မာ ကံကြမ္မာအကျိုးတူ လူမှုအသိုက်အဝန်းတစ်ခုကို တည်ဆောက်သွားရန် နှင့် နှစ်နိုင်ငံဆက်ဆံရေး ခေတ်သစ်တစ်ခုကို ဝင်ရောက်ရန် ၎င်းတို့၏ ဆက်ဆံရေးကို ရှေ့ဆက်တိုးတက်ခိုင်မာအောင် အတူတကွလျှောက်လှမ်းကြမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလည်အပတ်ခရီးစဉ်အတွင်း သမ္မတရှီသည် မြန်မာနိုင်ငံသမ္မတမှ ဦးဆောင်ကျင်းပမည့် အခမ်းအနားများစွာကို အစဉ်လိုက်တက်ရောက်သွားရန် ရှိကြောင်း ၊ မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နှင့် ဆွေးနွေးသွားရန်ရှိကြောင်း ၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာရွက်စာတမ်း အပြန်အလှန်ပေးအပ်ပွဲ အခမ်းအနားတစ်ခုကို တက်ရောက်သွားမည်ဖြစ်ကြောင်း နှင့် ဒေါ်အောင်ဆန်းစုကြည်မှ တည့်ခင်းဧည့်ခံသော နိုင်ငံတော်ဧည့်ခံပွဲတစ်ခုကို တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

သမ္မတရှီသည် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံလွှတ်တော်အကြီးအကဲများ ၊ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့်လည်း အမြင်ချင်းဖလှယ်သွားကြမည်ဖြစ်သည်။ ထို့ပြင် နှစ်နိုင်ငံသည် ပူးတွဲကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်သွားမည် ဖြစ်သည်။

ပြီးခဲ့သော ဆယ်စုနှစ်များစွာကာလအတွင်း နှစ်နိုင်ငံသည် အပြန်အလှန်လေးစားမှု ၊ အပြန်အလှန်ယုံကြည်မှုနှင့် အပြန်အလှန်ကူညီထောက်ပံ့မှုပေါ် အခြေခံ၍ ဆက်ဆံရေးများ အစဉ်တိုးတက်လာခဲ့သလို အရွယ်အစားမတူညီသော နှစ်နိုင်ငံအကြား win-win ပူးပေါင်းဆောင်ရွက်မှု နှင့် သဟဇာတ အတူယှဉ်တွဲနေထိုင်မှု စံနမူနာတစ်ခုကို တည်ဆောက်ခဲ့ကြသည်။

မကြာသေးမီနှစ်များက တရုတ် နှင့် မြန်မာနိုင်ငံသည် အမြင့်မားဆုံး အဆင့် ချိတ်ဆက်မှုအတွက် အရှိန်အဟုန်ကောင်းများကို ထိန်းသိမ်းခဲ့ကြသည်။ သမ္မတရှီသည် မြန်မာနိုင်ငံခေါင်းဆောင်များနှင့် ကြိမ်ဖန်များစွာတွေ့ဆုံခဲ့ခြင်းနှင့်အတူ ခေတ်သစ်တွင် နှစ်နိုင်ငံဆက်ဆံရေး အဆင့်မြှင့်တင်သွားရန် အရေးပါသောသဘောတူညီချက်များ ရရှိခဲ့သည်။ 

ရှီ၏ အလည်အပတ်ခရီးစဉ်သည် မြန်မာနိုင်ငံ နှင့် မြန်မာပြည်သူများအတွက် တန်ဖိုးကြီးမားသော ကူညီမှုဟူ၍ မှတ်ယူပြီး နှစ်နိုင်ငံစလုံးအတွက် အလွန်ထူးခြားအရေးပါကြောင်း မြန်မာနိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဆိုသည်။ထို့ပြင် မြန်မာ-တရုတ် ချစ်ကြည်ရေးအတွက် အရေးကြီးသော သမိုင်းစာမျက်နှာသစ်ကို ဖွင့်လှစ်ခြင်းလည်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

 တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ Dehong ဒေသ၊ တရုတ် (ယူနန်) ရှေ့ပြေး လွတ်လပ်သော ကုန်သွယ်ရေးဇုန် (FTZ) Dehong နယ်မြေရှိ မော်တော်ဆိုင်ကယ်စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးအား ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ) 

ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်

တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) မူဘောင်အတွင်း အရည်အသွေး မြင့်မားသော ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ တည်ဆောက်သွားရန် ၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ ဖွံ့ဖြိုးတိုးတက်မှုကို  မြှင့်တင်ရေး နှင့် နှစ်နိုင်ငံပြည်သူများအတွက် အကျိုးကျေးဇူးရရှိအောင် ကွန်ရက်ချိတ်ဆက်မှု ကူညီရေးအတွက် တွန်းအားပေးသွားရန် မျှော်လင့်ထားသည်။ 

မြန်မာနိုင်ငံအစိုးရ၏ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း(BRI) အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ရာ ယင်းမှာ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းတွင်ပါဝင်ရန် မြန်မာနိုင်ငံသည် တက်ကြွသောမိတ်ဖက်နိုင်ငံ တစ်နိုင်ငံအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ကုန်သွယ်ရေးကဏ္ဍတွင်လည်း တိုးချဲ့လျက်ရှိသည်။ တရုတ်နိုင်ငံ စီးပွားရေးဝန်ကြီးဌာန၏ စာရင်းအရ နှစ်နိုင်ငံ ကုန်သွယ်မှုသည် ၂၀၁၉ ခုနှစ် ပထမကိုးလတွင် အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅၄ ဘီလျံရှိပြီး ၂၀၁၈ ခုနှစ် အလားတူကာလထက် ၁၇ ဒသမ ၉ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း သိရသည်။

၂၀၀၁ ခုနှစ်မှစ၍ နှစ်နိုင်ငံအနေဖြင့် နှစ်စဉ် နယ်စပ် စီးပွားရေးနှင့် ကုန်သွယ်ရေး ကုန်စည်ပြပွဲများ အပြန်အလှန် ကျင်းပခဲ့ပြီး ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကဲ့သို့ သော နယ်ပယ်များတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်လာခဲ့သည်။ 

တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ နှင့် အခြားသောအဓိကပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် အခွင့်အလမ်း နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးခဲ့သလို လူနေထိုင်မှု အဆင့်အတန်းကိုလည်း ကြီးမားစွာ မြင့်တက်စေခဲ့သည်။

မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ (MISIS) တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်လင်းက BRI တွင် မြန်မာနိုင်ငံ၏ ပါဝင်မှုသည် မြန်မာနှင့် အခြားနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေမည် ဖြစ်ကြောင်းနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခြေခံအဆောက်အအုံ တည်ဆောက်မှုတို့တွင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့ ဒုတိယအကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ကြောင်းနှင့် နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်ဝါဒများမှ တိုးတက်သော အတွေ့အကြုံကောင်းများစွာ ရရှိပိုင်ဆိုင်ခဲ့ကြောင်း နှင့် ယင်းမှတစ်ဆင့် မြန်မာနိုင်ငံအနေဖြင့် စိတ်ကူးအကြံဉာဏ်ကောင်းများကို ရရှိစေနိုင်ကြောင်း Northern Light ဂျာနယ် အယ်ဒီတာချုပ် ဦးဝင်းတင်က ပြောခဲ့သည်။“နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုက ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနဲ့ ပေါကြွယ်ဝရေးအတွက် အလွန်ကောင်းမွန်စေပြီး နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အပံ့ဖြစ်စေနိုင်တယ်” ဟု ဦးဝင်းတင်က ဆိုသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ Dehong ဒေသ၊ တရုတ် (ယူနန်) ရှေ့ပြေး လွတ်လပ်သော ကုန်သွယ်ရေးဇုန် (FTZ) Dehong နယ်မြေရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားတစ်ဦးအား ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကျင်းဟုန်မြို့ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် လုပ်ကိုင်နေသော မြန်မာ အလုပ်သမားတစ်ဦးအား ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချစ်ကြည်ရင်းနှီးမှု တိုးတက်လာခြင်း 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အလည်အပတ်ခရီးစဉ်အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်အခမ်းအနားသို့ မြန်မာနိုင်ငံခေါင်းဆောင်များနှင့်အတူ တက်ရောက်သွားမည်ဖြစ်ကြောင်း နှင့် တရုတ်-မြန်မာ ယဉ်ကျေးမှုနှင့်ခရီးသွားနှစ် ဖွင့်လှစ်ခြင်းအခမ်းအနားသို့ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားများသည် အနာဂတ်ကာလ ပြည်သူအချင်းချင်း ကူးလူးဖလှယ်မှုများ ပိုမိုချဲ့ထွင်ရေးနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးတက်ရေးအတွက် အများပြည်သူ အားပေးထောက်ပံ့မှု ပိုမိုခိုင်မာရေးအတွက် ရည်ရွယ်ခြင်း ဖြစ်သည်။ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်သည့်အားလျော်စွာ တရုတ်နှင့် မြန်မာ နိုင်ငံတို့သည် နယ်နိမိတ်ချင်း အရှည် ၂,၂၀၀ ကီလိုမီတာခန့်အထိ ထိစပ်နေပြီး ပြည်သူအချင်းချင်း ဖလှယ်မှုများဖြင့် သမိုင်းကြောင်းရှည်လျားစွာ တည်ရှိခဲ့သည်။ နှစ်နိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှု ဇာတ်လမ်းများဖော်ပြထားသည့် “တစ်မြစ်ထဲရေ တူစုံသောက်သုံးကြသည်” ဟူ၍ အမည်ပေးထားသော မှတ်တမ်းရုပ်ရှင်ကို ပူးတွဲထုတ်လုပ်မှု စတင်ခဲ့သည်။

နှစ်ထောင်ပေါင်းများစွာကာလအတွင်း ၎င်းတို့၏ အပြန်အလှန်ကူးလူးဖလှယ်မှုများသည် တရုတ်ပြည်သူများနှင့် မြန်မာပြည်သူများအတွက် “ဆွေမျိုးပေါက်ဖော်” ချစ်ကြည်ရေး ရှေ့ဆက်တိုးခဲ့ကြပြီး ညီရင်းအစ်ကိုပမာ ရင်းနှီးချစ်ကြည်မှုသည်လည်း အချိန်ကာလနှင့်အတူ ခိုင်မာလာခဲ့သည်။မကြာသေးမီနှစ်များအတွင်း နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနှင့် အပြန်အလှန်ဖလှယ်မှု အနေဖြင့်  မြန်မာနိုင်ငံတွင် စာသင်ကျောင်းများစွာ တည်ဆောက်ပေးခဲ့ခြင်းနှင့် တရုတ် ကျန်းမာရေးဆိုင်ရာအဖွဲ့များ၏ အခမဲ့ကျန်းမာရေး ကုသပေးမှုအစီစဉ်များ အပါအဝင် အဓိက တရုတ်-မြန်မာ တည်ဆောက်ရေး စီမံကိန်းကြီးများနှင့်အတူ နှစ်နိုင်ငံ ပြည်သူများ၏ လူမှုဘဝကို မြှင့်တင်နိုင်ခဲ့သည်။

ထို့ပြင် ဝမ်တိန်ငါးဈေးတည်ရှိရာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၌ ပြောင်းဖူးနှင့် ဆန်အထွက်တိုးရေးနှင့် လုပ်သားလေ့ကျင့်ရေးများတွင် နည်းပညာအကူအညီများ ထောက်ပံ့ပေးခဲ့သည်။ ပြည်သူအချင်းချင်း ကူးလူးဖလှယ်မှုများ ပွင့်လင်းလာခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုမှာ ပိုမိုခိုင်မာလာခဲ့ကြောင်း ပီကင်းတက္ကသိုလ် မြန်မာစာဌာန တွဲဖက်ပါမောက္ခ ရန်ကောရင်က ပြောခဲ့သည်။ထို့ပြင် ရန်က တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှုက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေး မြှင့်တင်ရာတွင် အကူအညီအဖြစ် ပြောင်းလဲသွားစေမည်ဟူ၍လည်း ဆက်လက်ပြောကြားခဲ့သည်။(Xinhua)