Connect with us

Politics

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ မြန်မာ သတင်းစာများတွင် ရေးသားသည့် ဆောင်းပါး အပြည့်အစုံ 

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ)

တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ “နှစ်ပေါင်းထောင်ချီ ကြာမြင့်သော ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးကို ဆက်လက်ပုံဖော်မည့် စာမျက်နှာသစ်များ” ခေါင်းစဉ်ဖြင့် ရေးသားထားသည့် ဆောင်းပါးကို ၎င်း၏ မြန်မာနိုင်ငံသို့ နိုင်ငံတော် အလည်အပတ် ခရီးစဉ် မတိုင်မီ တစ်ရက် အလို ယနေ့ ဇန်နဝါရီ ၁၆ ရက်ထုတ် မြန်မာ နိုင်ငံ ပြည်တွင်း နေ့စဉ် သတင်းစာ သုံးစောင် ဖြစ်သော မြန်မာ့ အလင်း ၊ ကြေးမုံ နှင့် The Global New Light of Myanmar တို့တွင် အင်္ဂလိပ် ၊ မြန်မာ နှစ်ဘာသာဖြင့် ရေးသား ဖော်ပြခဲ့သည့် ဆောင်းပါး အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်ပါသည်။ 

နှစ်ပေါင်းထောင်ချီကြာမြင့်သော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဆက်လက်ပုံဖော်မည့် စာမျက်နှာသစ်များ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီကျင့်ဖိန် 

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး နှစ်(၇၀)ပြည့်မြောက်သည့် အခါသမယ၌ မြန်မာနိုင်ငံ သို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် လာရောက်ရသည့်အတွက် အလွန်ဝမ်းမြောက်မိပါသည်။ ၂၀၀၉ ခုနှစ်က ကျွန်တော်သည် ဤသာယာလှပသည့် နိုင်ငံကို လာရောက်ခဲ့ဖူးပါသည်။ မြန်မာနိုင်ငံ၏ သာယာလှပပြီး ဆိတ်ငြိမ်သည့်ရှုခင်းများ၊ အရောင်အသွေးစုံလင်လှသည့် ယဉ်ကျေးမှု၊ လုံ့လဝီရိယရှိပြီး ရိုးသားကြသည့် ပြည်သူများကို ကျွန်တော်သည် နက်နက် ရှိုင်းရှိုင်း အမှတ်ရနေပါသည်။ ယခုအကြိမ် ခရီးစဉ်မှတစ်ဆင့် မြန်မာမိတ်ဆွေ များနှင့်အတူ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးအကြောင်း ဆွေးနွေးကြရင်း ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် များကို ချမှတ်နိုင်ရန် ကျွန်တော်မျှော်လင့်ပါသည်။

တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိပြီး ခေတ်အဆက်ဆက် အိမ်နီးချင်းများအဖြစ် ရင်းနှီးစွာနေထိုင်ခဲ့ကြပါသည်။ မြန်မာ စကား၌ ဆွေမျိုးပေါက်ဖော် ဆိုသည်မှာ တစ်အူထုံဆင်း ညီအစ်ကိုဟု အဓိပ္ပာယ်ရပါသည်။ နှစ်နိုင်ငံပြည်သူများသည် ရှေးပဝေသဏီမှစ၍ ချစ်ခင်ရင်းနှီးစွာ နေထိုင်ခဲ့ကြပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သမိုင်း ကာလရှည်ကြာစွာ တည်ရှိနေပါသည်။ အေဒီ ၄ ရာစုတုန်းက ကျွန်တော်တို့၏ ဘိုးဘွားများသည် စီချွမ်-ယူနန်-မြန်မာအိန္ဒိယကို ဖြတ်သန်းသည့် “ရွှေလမ်းငွေလမ်း”ကို ဖောက်လုပ်ခဲ့ပြီး ကုန်သွယ်မှု ပြုလုပ်ခဲ့ကြပါသည်။ တရုတ်ထန်မင်းဆက်ခေတ်က မြန်မာ ပျူခေတ်မင်းသား ဦးဆောင်သည့် အနုပညာရှင်များအဖွဲ့သည် မိုင်ထောင်ချီခရီးနှင်၍ ချန်အန်းမြို့သို့ လာရောက် ခဲ့ရာ တရုတ်နာမည်ကြီး ကဗျာဆရာ ပိုင်ဂျီးယိက ကျော်ကြားလှသည့် “ပျူတေးသံ” ကဗျာကို ရေးစပ်သီကုံးခဲ့ပါသည်။ မြန်မာနိုင်ငံသည် လူမှုရေးစနစ် ကျင့်သုံးမှု မတူသည့် နိုင်ငံများ အနက် တရုတ် ပြည်သူ့သမ္မတနိုင်ငံကို ပထမဆုံး အသိအမှတ်ပြုသည့်နိုင်ငံ ဖြစ်ပါသည်။ နှစ်နိုင်ငံ ခေါင်းဆောင်ဟောင်းများသည် တရုတ်-မြန်မာဆက်ဆံရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် သွေးချွေးပေါင်းများစွာဖြင့် အားထုတ်ကြိုးပမ်းခဲ့ကြပါသည်။ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းသည် မြန်မာနိုင်ငံသို့ (၉)ကြိမ်တိုင် လာရောက်ခဲ့ပါသည်။ ဝန်ကြီးချုပ် ချူအင်လိုင်းက မြန်မာအမျိုးသား ဝတ်စုံဆင်မြန်း၍ မြန်မာပြည်သူများနှင့်အတူ အတာသင်္ကြန်ပွဲတော်ကို နွှဲပျော်ခဲ့ပုံသည် ယနေ့တိုင် လူအများ ပါးစပ်ဖျားတွင် ချီးကျူးပြောဆိုနေကြဆဲ ဖြစ်ပါသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် Ruili မြို့ရှိ ရင်ကျင့်မူလတန်းကျောင်းတွင် ကျောင်းတက်နေကြသည့် မြန်မာနိုင်ငံမှ ကလေးငယ်များ ကျောင်းလွှတ်အိမ်ပြန်ချိန်မြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ်(၇၀)အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီးငါးရပ်ကို အဆိုပြု၍ လက်တွေ့ ကျင့်သုံးခဲ့ကြပါသည်။ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် ထောက်ခံအားပေးမှုတို့ အစဉ်တစိုက်ဆောင်ရွက်ပြီး နိုင်ငံကြီး၊ နိုင်ငံငယ်အကြား တန်းတူညီမျှစွာ ဆက်ဆံရေး၊ အပြန်အလှန် အကျိုးဖြစ်ထွန်းရေး၊ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးဟူသည့် စံနမူနာကို တည်ဆောက် ရာ နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့အကျိုးစီးပွားများ ဆောင်ကြဉ်း ပေးနိုင်ခဲ့ ပါသည်။နှစ်နိုင်ငံနိုင်ငံရေး အပြန်အလှန်ယုံကြည်မှု အခြေခံအုတ်မြစ် ပိုမိုခိုင်မြဲလာပါသည်။ ၂၀ ရာစု ၆၀ စုနှစ်ပိုင်းက တရုတ်-မြန်မာနှစ်နိုင်ငံသည် တန်းတူညီမျှစွာ ညှိနှိုင်းဆွေးနွေးခြင်း၊ အပြန်အလှန် နားလည်အလျှော့ပေးခြင်း စသည့် ခံယူချက်ဖြင့် နယ်နိမိတ်ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပါသည်။ လက်ရှိတွင် နှစ်နိုင်ငံ ခေါင်းဆောင်များအကြား ထိတွေ့ဆက်ဆံမှု များပြား လာပြီး ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် ဆက်တိုက် တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ မိမိနိုင်ငံ ၏အခြေအနေနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို လျှောက်လှမ်းနေခြင်းအပေါ် ပြတ်သားစွာ ထောက်ခံအားပေးပြီး မြန်မာအစိုးရမှ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုအပေါ် ထောက်ခံအားပေးကာ မြန်မာနိုင်ငံမှ နိုင်ငံတကာစင်မြင့်၌ ရသင့်ရထိုက်သည့် အခွင့်အရေးနှင့် နိုင်ငံ့ ဂုဏ်သိက္ခာကို ကာကွယ် စောင့်ရှောက်ခြင်းအပေါ်ကိုလည်း ထောက်ခံအားပေးပါသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အချက် အချာကျသော အကျိုးစီးပွားနှင့် အရေးကြီးကိစ္စရပ် များ၌ တရုတ်နိုင်ငံအပေါ် ပြတ်သားစွာ ထောက်ခံအားပေးပါ သည်။

တရုတ် နိုင်ငံ ပေကျင်းမြို့ နိုင်ငံ တကာ ဥယျာဉ် စိုက်ပျိုးမှု အတတ်ပညာ ပြပွဲ၌ မြန်မာ အကဖြင့် တင်ဆက် နေစဉ်(ဆင်ဟွာ) 

နှစ်နိုင်ငံလက်တွေ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုများပြားလာပါသည်။ တရုတ်-မြန်မာ နှစ်နိုင်ငံစီးပွားရေး အပြန်အလှန် ဖြည့်ဆည်းနိုင်ပြီး ရှေ့အလားအလာ ကောင်းမွန်လှပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏ အကြီးဆုံးနှင့်ရင်းနှီးမြှုပ်နှံမှု အရေးပါဆုံးနိုင်ငံအဖြစ် ကာလကြာရှည်စွာ ရပ်တည် နေပါသည်။ ၂၀၁၉ ခုနှစ် ပထမ ၁၁ လပိုင်းတွင် နှစ်ဖက်ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၆.၈ ဘီလီယံရှိခဲ့ပြီး မြန်မာ့လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေး ထွက်ကုန်ပစ္စည်းများ တရုတ်နိုင်ငံသို့ ပိုမိုများပြားစွာ ဝင်ရောက် လာခဲ့ပါသည်။ အခြေခံအဆောက် အအုံတည်ဆောက်ရေး စသဖြင့် ကဏ္ဍစုံပူးပေါင်း ဆောင်ရွက်မှုရလဒ်များ များပြားလာပါသည်။ မြန်မာနိုင်ငံသည် *Belt and Road” အတူတကွ တည်ဆောက်ရေးလမ်းကြောင်းတစ်လျှောက်ရှိ အရေးပါသည့် နိုင်ငံဖြစ်ပါသည်။ နှစ်ဦးနှစ်ဖက်သည် ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ ချိတ်ဆက်မှုကို နက်ရှိုင်းစေပြီး တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်များကို ချုပ်ဆိုကာ ပူးပေါင်းလုပ်ငန်းကော်မတီကို ဖွဲ့စည်း၍ စင်္ကြံ တည်ဆောက်ရေးလုပ်ငန်းကို တည်ငြိမ်စွာ အကောင် အထည်ဖော် ဆောင်လျက်ရှိပါသည်။

နှစ်နိုင်ငံပြည်သူများအကြား ကူးလူးဖလှယ်ရေး တစ်နေ့တခြား တိုးများလာပါသည်။ တရုတ်-မြန်မာ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူပုဂ္ဂိုလ်များအကြား ကူးလူး ဖလှယ်ရေး တိုးများလာပြီး ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး နက်ရှိုင်းစေရေးအတွက် ခိုင်မာသည့်ကျားကန်မှုကို ပေးစွမ်းနိုင်ပါသည်။ တရုတ်နိုင်ငံ၏ အမျိုးသား အဖိုးတန် ရတနာတစ်ပါး ဖြစ်သည့် ဗုဒ္ဓမြတ်စွယ်တော်သည် မြန်မာနိုင်ငံ၏ ပင့်ဆောင်ချက်အရ မြန်မာနိုင်ငံသို့ လေးကြိမ်တိုင် ကြွချီအပူဇော်ခံ ခဲ့ပါသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ လော့ရန်မြို့ရှိ မြင်းဖြူ ဘုရားကျောင်းတွင် မြန်မာကျောင်းဆောင် လှူဒါန်း ဆောက်လုပ်ခဲ့ပါသည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ တွင် “အလင်းရောင်ခရီးစဉ်”နှင့် မွေးရာပါ နှလုံးရောဂါ ဝေဒနာရှင် ကလေးငယ်များကို ကယ်ဆယ်ကူညီသည့် လှုပ်ရှားမှုများဖော်ဆောင်ခဲ့ပြီး ဝေဒနာရှင်များစွာကို ကုသပေးခဲ့ပါသည်။ တရုတ်နိုင်ငံ၏ လက်ရာမြောက် ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲ များသည်လည်း မြန်မာ ပရိသတ်များ၏ ကြိုက်နှစ်သက်မှုကို ခံခဲ့ရပါသည်။

ရန်ကုန်မြို့ တရုတ်တန်း၌ တရုတ် နှစ်သစ်ကူး ပွဲတော် အထိမ်းအမှတ် အလှမီးပုံးများ ချိတ်ဆွဲထားသည်ကို ကြည့်ရှုနေသော အမျိုးသမီးငယ် တစ်ဦးအား ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယခုနှစ်တွင် တရုတ်နိုင်ငံသည် အသင့်အတင့်ကြွယ်ဝချမ်းသာသည့် လူ့အဖွဲ့အစည်းကို ဘက်စုံတည်ဆောက်ပြီးစီးမည်ဖြစ်ကာ ပထမဆုံးနှစ်တစ်ရာ ကြိုးပမ်း ဆောင်ရွက်မှု ရည်မှန်းချက် ကို ဖော်ဆောင်နိုင်မည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည်လည်း အောင်မြင်မှုအသစ်များ အဆက်မပြတ် ဖြစ်ထွန်းလျက် ရှိပါသည်။ နှစ်ဦးနှစ်ဖက်သည် သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ်(၇၀)ပြည့် အခွင့်ကောင်းအဖြစ် မှတ်ယူ၍ အစဉ်အလာ ချစ်ကြည်ရေးကို ပြန့်ပွားအောင်ဆောင်ရွက်ကာ အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး တရုတ်-မြန်မာဆက်ဆံရေး ခေတ်ကာလသစ်သို့ ဝင်ရောက် လာစေရန် တွန်းအားပေး ဆောင်ရွက်သင့်ပါသည်။

မဟာဗျူဟာချိတ်ဆက်ဆောင်ရွက်မှုကို မြှင့်တင်၍ နှစ်နိုင်ငံဆက်ဆံရေး လမ်းပြမြေပုံသစ်ကို ရေးဆွဲချမှတ်ပါသည်။ နှစ်ဦးနှစ်ဖက်သည် အဆင့်မြင့် ခေါင်းဆောင်များအကြား ကူးလူး ဆက်ဆံဦးဆောင်မှု၏ အခန်းကဏ္ဍကို ဆက်လက် မြှင့်တင်၍ အဆင့်အသီးသီးအကြား ချိတ်ဆက်ညှိနှိုင်းမှုကိုတိုးမြှင့်ကာ ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံများ မျှဝေပေးရပါမည်။ တစ်ဦး၏ အချက်အချာကျသော အကျိုးစီးပွားနှင့်ပတ်သက်သည့် ကိစ္စရပ်များတွင် တစ်ဦးက ပြတ်သားစွာထောက်ခံအားပေးပြီး မဟာဗျူဟာအမြင်နှင့် ရေရှည်ရှုထောင့်ဖြင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေကာ နှစ်နိုင်ငံပြည်သူများ၏ စိတ်နှလုံးအတွင်း၌ အေးအတူပူအမျှ အသိုက်အဝန်းအသိစိတ်ကို အမြစ်တွယ်အောင် ဆောင်ရွက်ရပါမည်။ မြန်မာနိုင်ငံ က နိုင်ငံရေးဆွေးနွေးခြင်းမှတစ်ဆင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ဖော်ဆောင်မှုကို တရုတ်နိုင်ငံ မှ ထောက်ခံ အားပေးပါသည်။ နှစ်ဦးနှစ်ဖက်သည် နယ်စပ်ဒေသ၏ တည်ငြိမ်အေးချမ်းမှုကို အတူတကွ ထိန်းသိမ်းရပါမည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ Dehong ဒေသ၊ တရုတ် (ယူနန်) ရှေ့ပြေး လွတ်လပ်သော ကုန်သွယ်ရေးဇုန် (FTZ) Dehong နယ်မြေရှိ အထည်ချုပ်စက်ရုံတစ်ခုတွင် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားတစ်ဦးအား ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စီးပွားကုန်သွယ်ရေးကို နက်ရှိုင်းစေပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စွမ်းဆောင်ရည်သစ်များ ထည့်သွင်းပေးပါသည်။ နှစ်ဦးနှစ်ဖက်သည် “Belt and Road” အတူတကွ တည်ဆောက်ရေးမူဘောင်အတွင်း လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံမူဘောင်ကို အတွေးအခေါ်မှ လက်တွေ့အကောင်အထည်ဖော်မှုအဆင့်သို့ ပြောင်းလဲနိုင်အောင် တွန်းအားပေးဖော်ဆောင်ရပါမည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ တရုတ်-မြန်မာနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ ရန်ကုန်မြို့သစ် စီမံကိန်း ဟူသော သုံးနေရာမှကျားကန်မှုကို အင်တိုက်အားတိုက်ဖော်ဆောင်ပြီး အပြန်အလှန်ဆက်သွယ်ရေး၊ လျှပ်စစ်စွမ်းအင်၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေး၊ ငွေရေးကြေးရေး၊ လူမှုအကျိုးပြုလုပ်ငန်း စသည့် နယ်ပယ်များ၌ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ တရုတ်-မြန်မာ အကျိုးတူပူးပေါင်းဆောင် ရွက်မှုမှတစ်ဆင့် ပြည်သူများအတွက် အကျိုးအမြတ်များ ပိုမိုများပြားစွာ ဖော်ဆောင်ပေးရပါမည်။

ကူးလူးဖလှယ်မှုနှင့် အပြန်အလှန်အတုယူမှုကို တိုးမြှင့်၍ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအား အနှစ်သာရအသစ် ထည့်သွင်းပေးပါသည်။ နှစ်နိုင်ငံသည် ယခုနှစ်ကို “တရုတ်-မြန်မာ ယဉ်ကျေးမှုခရီးသွားနှစ်”ဟု သတ်မှတ်ထားရာ မြန်မာနိုင်ငံ၏ လှပသောသဘာဝရှုခင်းများနှင့် များပြားပြည့်ဝလှသော ယဉ်ကျေးမှု ရှေးဟောင်း အမွေအနှစ်များက ပိုမိုများပြားသည့် တရုတ်ခရီးသွား ဧည့်သည်များကို ဆွဲဆောင်နိုင်မည်ဟု ယုံကြည်ပါသည်။ နှစ်ဦးနှစ်ဖက်သည် သံတမန် ဆက်ဆံရေး ထူထောင်ခြင်း နှစ်(၇၀)ပြည့် အထိမ်းအမှတ် ဂုဏ်ပြုလှုပ်ရှားမှုများ ဆက်တိုက်ကျင်းပ လုပ်ဆောင်သွားပြီး ပညာရေး၊ သာသနာရေး၊ မီဒီယာ၊ ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းတွဲ စသည့် နယ်ပယ်များတွင် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ကာ တရုတ်-မြန်မာ ချစ်ကြည်ရေးဟူသော ပြည်သူ့ဆန္ဒကို အဆက်မပြတ် ခိုင်မြဲအောင် လုပ်ဆောင်ခြင်းဖြင့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ပြည်သူများ၏ စိတ်နှလုံးထဲတွင် အမြစ် တွယ်စေကာ ရှင်သန်မှုသစ်များနှင့် အားအင်သစ်များ ပေါ်ထွက်လာစေပါမည်။

ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်၍ ဒေသတွင်း အေးချမ်းတည်ငြိမ်သည့် အခြေအနေသစ်ကို ဖန်တီးပါသည်။ လက်ရှိတွင် တစ်ကိုယ်တော်ဝါဒ (Unilateralism)၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ (Protectionism) များ ခေါင်းမော့လာရာ နှစ်ဦးနှစ်ဖက်သည် ကုလသမဂ္ဂ၊ အရှေ့အာရှ ပူးပေါင်းဆောင်ရွက်ရေး၊ လန်ချန်း-မဲခေါင် ပူးပေါင်း ဆောင်ရွက်ရေးစသည့် ဘက်ပေါင်းစုံ ယန္တရားမူဘောင်များတွင် ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်ရပါမည်။ ခေတ်ကာလသစ်တွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် ခံယူချက်ကို ပြန့်ပွားအောင်ဆောင်ရွက်၍ အပြန်အလှန်လေးစားသော တရားမျှတ၍ မှန်ကန်သော၊ ပူးပေါင်း ဆောင်ရွက်၍ အပြန်အလှန်အကျိုးဖြစ်ထွန်းသော နိုင်ငံတကာ ဆက်ဆံရေးပုံစံသစ် တည်ဆောက်မှုကို တွန်းအားပေးကာ လူသားတို့၏ ကံကြမ္မာတူ အသိုက်အဝန်းကို ကြိုးပမ်းတည်ဆောက်ရပါမည်။

မြန်မာ နှစ်နိုင်ငံလုံး၌ “တွေ့ဖန်များသော်ခင်၊ ခင်ဖန်များသော်ရင်း” ဟူသော တူညီသည့်ဆိုရိုးစကား ရှိပါသည်။ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇၀) ပြည့်မြောက်သည့် သမိုင်းဝင်စမှတ်သစ်မှစ၍ ကျွန်တော်တို့သည် မြန်မာမိတ်ဆွေများနှင့်အတူ လက်တွဲကြိုးပမ်း၍ ပိုမိုရင်းနှီးသည့် အေးအတူပူအမျှ တရုတ်-မြန်မာအသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေးကာ နှစ်ပေါင်းထောင်ချီကြာမြင့်သော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံစဉ်သစ်များကို ဆက်လက် ပုံဖော်သွားမည် ဖြစ်ပါသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.