Connect with us

Social

 “ခေတ်ကာလရေစီးကြောင်းအလျောက် တရုတ်-မြန်မာ အေးအတူပူအမျှ  အသိုက်အဝန်းအား တည်ဆောက်ခြင်း” — မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်းဟိုင် နှင့် သီးသန့် အင်တာဗျူး

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့် တို့ တရုတ်-မြန်မာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့် အထိမ်းအမှတ် အခမ်းအနား နှင့် တရုတ်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးနှစ် စတင်ခြင်း အခမ်းအနားအား တက်ရောက်ဖွင့်လှစ်ပေးစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၈ ရက် (ဆင်ဟွာ)

ဇွန်လ ၈ ရက်တွင် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ၏ သံတမန်ဆက်ဆံရေး စတင်ထူထောင်သည့် နှစ် ၇၀ ပြည့် အထိမ်းအမှတ်နေ့ကို ရောက်ရှိတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်းဟိုင်က လတ်တလောရက်ပိုင်းအတွင်း ဆင်ဟွာသတင်းဌာန၏ သီးသန့်တွေ့ဆုံမေးမြန်းမှုအား ဖြေကြားရာတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အနေဖြင့် ယခုနှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းအား အတူတကွတည်ဆောက်ရန် သဘောတူညီခဲ့ကြောင်း၊ ယင်းဆုံးဖြတ်ချက်က ခေတ်ကာလရေစီးကြောင်းနှင့် လိုက်လျောညီထွေမှုရှိပြီး တရုတ်-မြန်မာဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း ကိုက်ညီကြောင်း၊ ယင်းဆောင်ရွက်မှုက နှစ်နိုင်ငံပြည်သူလူထုတို့၏ မျှော်လင့်ချက်နှင့်လည်း ကိုက်ညီပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှုအတွက် အဆက်မပြတ်သော အားအင်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ချန်းဟိုင်က တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ခြင်းသည် နက်ရှိုင်းသော သမိုင်းကြောင်းအခြေခံရှိပြီး နှစ်နိုင်ငံအနေဖြင့် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး အခြေခံလည်းရှိကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံက တောတောင်ရေမြေချင်း ထိစပ်နေပြီး ခေတ်အဆက်ဆက် အိမ်နီးချင်းကောင်းအနေဖြင့် နေထိုင်ခဲ့ကြကာ ဆွေမျိုးပေါက်ဖော် သံယောဇဉ်မှာလည်း ရှည်လျားသည့်သမိုင်းကြောင်း အစဉ်အလာတည်ရှိခဲ့ကြောင်း၊ ၁၉၅၀ ခုနှစ် ဇွန်လ ၈ ရက်တွင် တရုတ်-မြန်မာနှစ်နိုင်ငံက တရားဝင် သံတမန်ဆက်ဆံရေး တည်ထောင်ခဲ့ပြီး သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ်ပေါင်း ၇၀ အတွင်း နှစ်နိုင်ငံက ကာလတစ်လျှောက် အပြန်အလှန်လေးစားမှု၊ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်ထောက်ခံမှုဖြင့် နိုင်ငံကြီးနှင့်နိုင်ငံငယ်အကြား တန်းတူညီမျှဆက်ဆံခြင်းအား တည်ထောင်ခဲ့ပြီး အပြန်အလှန် အကျိုးဖြစ်ထွန်းစေမှုနှင့် အတူတကွ ဖွံ့ဖြိုးတိုးတက်စေသည့် စံနမူနာ ဖြစ်စေခဲ့ကြောင်း ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့် တို့ ဇန်နဝါရီ ၁၇ ရက်တွင် နေပြည်တော်၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ချန်းဟိုင်က တရုတ်နိုင်ငံဝန်ကြီးချုပ်ဟောင်း ချူအင်လိုင်း အနေဖြင့် မြန်မာနိုင်ငံသို့ ၉ ကြိမ် လာရောက်လည်ပတ်ခဲ့ပြီး ၎င်းအနေဖြင့် မြန်မာတိုင်းရင်းသားဝတ်စုံကို ဝတ်ဆင်ကာ မြန်မာနိုင်ငံပြည်သူလူထုများနှင့် အတူတကွ သင်္ကြန်ပွဲတော်အား ဆင်နွှဲခဲ့ပုံမှာ လက်ရှိအချိန်ထိ ကောင်းမွန်သည့်ရာဇဝင် ကျန်ရှိစေခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် အတူတကွ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်အား ဖော်ဆောင်ခဲ့ပြီး ရာစုနှစ်အတွင်းမရှိခဲ့ဖူးသည့် ပြောင်းလဲမှုကြီးအောက်တွင် ယင်းရပ်တည်မှုက ပိုမိုအားကောင်းစေခဲ့ကြောင်း ပြောကြားခဲ့သည်။

  ထို့နောက် ချန်းဟိုင်က လက်ရှိအချိန်တွင် တရုတ်-မြန်မာနှစ်နိုင်ငံက နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ပိုမိုခိုင်မြဲလာခဲ့ပြီး အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုသည်လည်း ပိုမိုနက်ရှိုင်းလာခဲ့ကာ ချစ်ကြည်ရေးမှာလည်း ပိုမိုခိုင်မာလာခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အကြီးဆုံးသော ကုန်သွယ်ဖက်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် နိုင်ငံနေရာကို ထိန်းသိမ်းထားခဲ့ကြောင်း ၊ တရုတ်-မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ၊ ရန်ကုန်-သာကေတ သဘာဝဓာတ်ငွေ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံ စသည့် စီမံကိန်းများက မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦး အဆင့်အတန်းအား မြှင့်တင်ပေးခဲ့ပြီး China Unicom Group Co., Ltd အနေဖြင့်လည်း မြန်မာနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် နက်ရှိုင်းစွာ ပါဝင်ဆောင်ရွက်ခဲ့ကာ မြန်မာနိုင်ငံ ဆက်သွယ်ရေးလုပ်ငန်းအား ကျော်လွှားတိုးတက်အောင် ဆောင်ရွက်ပေးခဲ့ကြောင်း၊ အထည်ချုပ်လုပ်ငန်း ကဏ္ဍတွင်လည်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများက မြန်မာနိုင်ငံအတွက် အလုပ်အကိုင်အခွင့်အလမ်း ၄ သိန်းကျော်ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် မြန်မာနိုင်ငံ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ ဇန်နဝါရီ ၁၇ ရက်တွင် နေပြည်တော်၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

COVID-19 ရောဂါနှင့် ပတ်သက်၍ သံအမတ်ကြီး ချန်းဟိုင်က တရုတ်-မြန်မာ နှစ်နိုင်ငံအနေဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးတွင် ဘက်စုံပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၌ ကပ်ရောဂါစတင်ဖြစ်ပွားချိန်တွင် မြန်မာနိုင်ငံသမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် စသော နိုင်ငံခေါင်းဆောင်တို့က ဖုန်းဖြင့် ဝမ်းနည်းကြောင်း ပြောကြားပေးခဲ့ပြီး ထောက်ခံအားပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံအစိုးရ၊ စစ်ဘက်ဆိုင်ရာနှင့် နယ်ပယ်အသီးသီးတို့က တရုတ်နိုင်ငံအား ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းပေးခဲ့ပြီး တရုတ်နိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးစစ်ပွဲအပေါ် ထောက်ခံအားပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံ၌ ကပ်ရောဂါစတင်ဖြစ်ပွားချိန်တွင်လည်း တရုတ်နိုင်ငံအနေဖြင့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ပြီး တရုတ်နိုင်ငံအစိုးရ၊ စစ်ဘက်ဆိုင်ရာ နှင့် တရုတ်နိုင်ငံ လုပ်ငန်းကုမ္ပဏီများက မြန်မာနိုင်ငံအား ထောက်ပံ့ရေးပစ္စည်းများစွာ ပေးအပ်ခဲ့ပြီး ဆေးဘက်ဆိုင်ရာပညာရှင်အဖွဲ့ ၃ ဖွဲ့ စေလွှတ်ပေးခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဆေးဘက်ဆိုင်ရာ အရင်းအမြစ် မပြည့်စုံသည့် အခြေအနေအောက်တွင် လက်ရှိကဲ့သို့ ကပ်ရောဂါတိုက်ဖျက်ရေး အောင်မြင်မှုရရှိခဲ့ခြင်းသည် လွန်စွာမလွယ်ကူကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးတွင် ရရှိခဲ့သည့် အောင်မြင်မှုအပေါ် ချီးမွမ်းလိုပြီး မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ထောက်ခံအားပေးမှုအောက်တွင် မြန်မာနိုင်ငံက ကပ်ရောဂါအား အမြန်ဆုံးတိုက်ဖျက် နိုင်မည်ကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် မြန်မာ နိုင်ငံ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ ဇန်နဝါရီ ၁၈ ရက်တွင် နေပြည်တော်၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

လတ်တလောကာလအတွင်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် တရုတ်-မြန်မာ အကြီးစား ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းကို တွန်းအားပေးဆောင်ရွက်သွားရန် နက်ရှိုင်းစွာဆွေးနွေးခဲ့ပြီး ခိုင်မာသည့် ဖွံ့ဖြိုးတိုးတက်မှုများရရှိခဲ့ကြောင်း၊ နှစ်နိုင်ငံနယ်စပ် ကာကွယ်ထိန်းချုပ်ခြင်းအား တိုးချဲ့ဆောင်ရွက်ခဲ့ပြီး ကပ်ရောဂါပြန့်ပွားမှုအား ထိရောက်စွာဟန့်တားနိုင်ခဲ့ကြောင်း၊ ဆိပ်ကမ်းကုန်စည်လည်ပတ်မှုက အဆင်ပြေချောမွေ့ခဲ့ပြီး စက်ရုံများတည်ငြိမ်စွာ ပြန်လည်လည်ပတ်မှုတွင်လည်း ကောင်းမွန်သည့်အောင်မြင်မှုများရရှိခဲ့ကြောင်း၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများက တရုတ်-မြန်မာ အပြန်အလှန်ဖြည့်ဆည်းမှု အားသာချက်ကို ဆောင်ရွက်နိုင်ခဲ့ပြီး လုပ်ငန်းနေရာချထားရေး၊ ဝင်ငွေတိုးပွားရေးနှင့် လူနေမှုအဆင့်အတန်း မြှင့်တင်ရေးတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း ချန်းဟိုင်ကပြောကြား ခဲ့သည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်းဟိုင် (ဘယ်) က တရုတ်နိုင်ငံအစိုးရမှ မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ထောက်ပံ့ပေးသည့်ပစ္စည်းများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားအား တက်ရောက်စဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အစိုးရ စေလွှတ်ပေးခဲ့သည့် ကပ်ရောဂါတိုက်ဖျက်ရေး ဆေးဘက်ဆိုင်ရာ ပညာရှင် အဖွဲ့ ဧပြီ ၈ ရက် ၌ မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် သို့ ရောက်ရှိခဲ့စဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ လုပ်ငန်းဆောင်ရွက်မှု ပြီးစီး၍ မေလ ၁၂ ရက် ၌ တရုတ် နိုင်ငံသို့ ပြန်လည်ထွက်ခွာမည့် တရုတ်နိုင်ငံ ကပ်ရောဂါ တိုက်ဖျက်ရေး ပညာရှင် အဖွဲ့အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ထို့နောက် ချန်းဟိုင်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး အနေဖြင့်လည်း အထိမ်းအမှတ် အခမ်းအနားများစွာ ကျင်းပရန် တက်ကြွစွာဆောင်ရွက်နေကြောင်း၊ “တရုတ်-မြန်မာ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၇၀ ပြည့်” အထိမ်းအမှတ် ဓာတ်ပုံစာအုပ် ထုတ်ဝေခြင်း၊ “တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ ပုံပြင်” ရုပ်ပုံစာအုပ်၊ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၇၀ ပြည့် အမှတ်တရစာအုပ် ထုတ်ဝေခြင်းနှင့် မြန်မာနိုင်ငံရှိ တရုတ်လူမျိုးများနှင့် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၇၀ ပြည့် ဂုဏ်ပြုအခမ်းအနား ပြုလုပ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးတွင် သံအမတ်ကြီးချန်းဟိုင်က နှစ်နိုင်ငံခေါင်းဆောင်များ၏ ဦးဆောင်ညွှန်ကြားမှုနှင့် နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုအောက်တွင် တရုတ်နိုင်ငံအနေဖြင့် ကပ်ရောဂါပြီးဆုံးပြီးနောက်ကာလတွင် တရုတ်-မြန်မာ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ကိုယုံကြည်ပြီး နှစ်နိုင်ငံပြည်သူလူထုကို ပိုမိုအကျိုးဖြစ်ထွန်းစေမည်ကိုယုံကြည်ကြောင်း ပြောကြားခဲ့သည်။  (Xinhua)