Connect with us

Social

တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း အတူတကွ တည်ဆောက်မှုက ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖြစ်ထွန်းစေမည် 

မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ် အခမ်းအနား နှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေးနှစ် စတင်ခြင်းအခမ်းအနားကို နှစ်နိုင်ငံ ခေါင်းဆောင်များ အတူတကွ တက်ရောက် ဖွင့်လှစ်ပေးစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ ဇွန် ၈ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည်မှာ နှစ်ပေါင်း ၇၀ ပြည့်မြောက်ခဲ့ပါပြီ။ နှစ်နိုင်ငံအနေဖြင့် အေးအတူပူအမျှ အသိုက်အဝန်း အတူတကွ တည်ဆောက်မှုမှတဆင့် အနာဂတ်တွင် ပိုမို ကောင်းမွန်သော ဆက်ဆံရေးရရှိစေမည်ဟု တရုတ်-မြန်မာ နှစ်နိုင်ငံ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ပညာရှင်များက သုံးသပ်ရှုမြင်ထောက်ခံခဲ့ကြသည်။ 

တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသည် ရှေးပဝေသဏီကပင် စတင်တည်ရှိခဲ့ပြီး ၁၉၅၀ ပြည့်နှစ် ဇွန် ၈ ရက်သည် သံတမန် ဆက်ဆံရေး စတင်ထူထောင်ခဲ့သည့် မင်္ဂလာရက်မြတ်ဖြစ်ရာ ယခုအခါ နှစ်ပေါင်း ၇၀ တိုင် တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ 

“အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှု အပေါ် ထောက်ခံပါတယ်။ဘာလို့လဲ ဆိုတော့ အေးရင်လည်း အတူတူပဲ။ပူရင်လည်း အတူတူပဲ ပူးပေါင်းပြီး ဆောင်ရွက်မယ်ဆိုတဲ့ သဘောပါ။ ပူးပေါင်းဆောင်ရွက်မှု ရှိရင် အောင်မြင်မှာပဲ။ ပူးပေါင်းဆောင်ရွက်မှု မရှိရင် အောင်မြင်မှု ရချင်ရင်တော့ ရမယ်။ နှေးမယ် ဆိုတဲ့အတွက်ကြောင့် အေးအတူ ပူအမျှ ပူးပေါင်းဆောင်ရွက်ရေး လုပ်တဲ့ တရုတ်နဲ့မြန်မာဟာ အနာဂတ်မှာ ပိုကောင်းမယ်။”ဟု တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး တစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဖြစ်သူ ဦးစိန်ဝင်းအောင်က  ဆင်ဟွာသို့ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် ရောက်ရှိလာချိန် နှစ်နိုင်ငံ အလံများ ဝှေ့ယမ်းကာ ကြိုဆိုနေကြသော မြန်မာကျောင်းသား/သူများအား တွေ့ရစဉ်(ဆင်ဟွာ

သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ်(၇၀)အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူကြီးငါးချက်ကို အဆိုပြု၍ လက်တွေ့ ကျင့်သုံးခဲ့ကြရာ လက်ရှိအချိန်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံသည် နိုင်ငံရေး အရ အပြန်အလှန် ယုံကြည်မှု ပိုမို ခိုင်မြဲလာခဲ့သလို အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများသည်လည်း ပိုမိုနက်ရှိုင်းလာခဲ့ပြီး  ချစ်ကြည်ရေးမှာလည်း ပိုမို ခိုင်မာ လာခဲ့သည်ဟု ဆိုရပေမည် ။ 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မြန်မာနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် ရောက်ရှိလာချိန် နှစ်နိုင်ငံ အလံများ ဝှေ့ယမ်းကာ ကြိုဆိုနေကြသော မြန်မာကျောင်းသား/သူများအား တွေ့ရစဉ်(ဆင်ဟွာ

“သံတမန် ဆက်ဆံရေး ထူးခြားချက်မှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ၅ ချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။အဲဒီအပေါ်မှာ အခြေခံပြီးတော့ နိုင်ငံခြားရေး Policy တွေက မယိမ်းမယိုင်းဘဲ တည့်မတ်စွာ ကျင့်ကြံခဲ့တဲ့ အတွက်ကြောင့် ဒီနေ့အထိ မြန်မာ-တရုတ် ဆက်ဆံရေးဟာ ခိုင်မြဲတယ်လို့ ပြောလို့ရတယ်။”ဟု ဦးစိန်ဝင်းအောင်က ဆက်လက်ပြောကြားခဲ့သည်။

 မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိပြီးနောက် ပထမဆုံး ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ကြီးချုပ်ဦးနု၏ သမီး ဖြစ်သူ ဒေါ်သန်းသန်းနုကလည်း တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်က အေးအတူ ပူအမျှ အသိုက်အဝန်းကို ဆက်လက် ကြိုးပမ်း တည်ဆောက်သင့်ကြောင်း  ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်တို့ ဇန်နဝါရီလဆန်းပိုင်းက နေပြည်တော်၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

 “ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ရဲ့ အိမ်နီးချင်း နိုင်ငံကြီး တစ်ခုလဲ ဖြစ်တယ်။ ပြီးတော့ ရှေးကာလကတည်းကနေ နှစ်နိုင်ငံ ဆက်ဆံရေး ရှိတယ်။ လွတ်လပ်ရေး မရခင်ကတည်းကလည်း ရှေးဘုရင်တွေ လက်ထက်ထဲကလည်း ကုန်သွယ်ရေးတွေက ရှိပြီးသားလေ။ ဒါတွေက တိုးတက်သထက် တိုးတက်အောင် ၊ ကောင်းမွန်သထက် ကောင်းမွန်အောင် လုပ်လို့ရှိရင် အေးအတူ ပူအမျှပေါ့။ ကျွန်မတို့မှာ မူကြီး ၅ ချက်လည်း ရှိတယ် ။အဲဒီမှာ အေးအတူ ပူအမျှဆိုတာ တကယ်တော့ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်တာပဲ”ဟု ဒေါ်သန်းသန်းနုက ၎င်း၏ အမြင်ကို ပြောကြားခဲ့သည်။ 

ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး ငါးချက်အပေါ် အခြေခံပြီး နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးကို အခြေခံထား လုပ်ဆောင်သွားမည် ဆိုပါက ဖွံ့ဖြိုးတိုးတက်ရန် အလားအလာများစွာ မြင်မိကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံက ထောက်ပံ့ပေးအပ်သည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများ မြန်မာနိုင်ငံသို့ ရောက်ရှိလာစဉ်(ဆင်ဟွာ)

“သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်မှာ ထူးခြားချက် ဘာကို သွားတွေ့လဲ ဆိုတော့ တရုတ်ဝိသေသပါတဲ့ ဆိုရှယ်လစ် စနစ်ကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံက အကောင်အထည်ဖော်နေတယ်။ အကောင်အထည်ဖော်တဲ့ နေရာမှာ အသင့်အတင့် ချမ်းသာတဲ့ လူ့ဘောင်အဖွဲ့အစည်း တည်ဆောက်ရေး ဆိုတာပါတယ်။ အဲဒါကို တရုတ်ပြည်သူ့သမ္မတ နိုင်ငံက လုပ်နေတာဟာ ကျွန်တော်တို့ အတွက်လည်း ဂုဏ်ယူစရာ ဖြစ်သလို အတုယူစရာ ဖြစ်တယ်။ ပူးပေါင်းဆောင်ရွက်ရင် ကျွန်တော်တို့ အတွက် ကျွန်တော်နိုင်ငံအတွက် အောင်မြင်မယ်။ တိုးတက်မှု မြန်မယ်လို့ ထင်တယ်”ဟု မြန်မာနိုင်ငံ၏ ထင်ရှားသော သတင်းစာဆရာ နှင့် စာရေးဆရာ တစ်ဦးဖြစ်သူ ဆရာ ဦးဟိန်းလတ်က ဆင်ဟွာသို့ ပြောကြားခဲ့သည်။ 

တရုတ်-မြန်မာ အေးအတူ ပူအမျှ နေထိုင်ရေး မူဝါဒကို ထောက်ခံပြီး ရှေ့ဆက်၍ ချစ်ကြည်ရင်းနှီးမှုကို ပိုမို ရေရှည် တည်တံ့ ခိုင်မြဲအောင်ဆောင်ရွက်ကာ နှစ်နိုင်ငံ ပူးပေါင်း လုပ်ဆောင်မှုများ ပိုမို ထွန်းကားရန်မျှော်လင့်ကြောင်းလည်း  ဦးဟိန်းလတ်က ဆက်လက်ပြောကြားခဲ့သည်။  

လတ်တလောကာလ တရုတ်-မြန်မာ နှစ်နိုင်ငံ အနေဖြင့် COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေးတွင် ဘက်စုံပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခဲ့ခြင်းမှာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို ပို၍ ခိုင်မာအားကောင်းစေသည်ဟု ပြည်သူအများက ရှုမြင်ကြသည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် မြန်မာနိုင်ငံ သမ္မတဦးဝင်းမြင့်တို့  မေလအတွင်း တယ်လီဖုန်း ဆက်သွယ်ပြောဆိုမှု တစ်ခုတွင်  မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးအပါအဝင် WHO နှင့် အခြားသော ကမ္ဘာ့နိုင်ငံများသို့ တရုတ်နိုင်ငံ၏ ထောက်ခံအားပေးမှု နှင့် အကူအညီများအတွက် ကျေးဇူးတင်ရှိကြောင်း မြန်မာနိုင်ငံ သမ္မတ ဦးဝင်းမြင့်က ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အထောက်အပံ့များကို အကြိမ်ပေါင်းများစွာ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံမှ ဆေးဘက်ဆိုင်ရာ ပညာရှင်များနှင့်ပူးပေါင်းဆောင်ရွက်ရန် တရုတ်ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့များကို မြန်မာနိုင်ငံသို့ စေလွှတ်ပေးခဲ့သည်မှာ တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးနှင့် အေးအတူ ပူအမျှ တရုတ်-မြန်မာ အသိုက်အဝိုင်း၏ အဓိပ္ပာယ်ကို လေးနက်စွာ ပေါ်လွင်စေခဲ့သည်။ 

မြန်မာ စကား၌ ဆွေမျိုးပေါက်ဖော် ဆိုသည်မှာ တစ်အူထုံဆင်း ညီရင်းအစ်ကိုဟု အဓိပ္ပာယ်ဆောင်သည်။ နှစ်နိုင်ငံပြည်သူများအနေဖြင့် ရှေးပဝေသဏီမှစ၍ ချစ်ခင်ရင်းနှီးစွာ နေထိုင်ခဲ့ကြရာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သမိုင်းမှာလည်း ကာလရှည်ကြာစွာ တည်ရှိခဲ့ပြီးဖြစ်သည်။ 

 “နှစ်နိုင်ငံ ဆက်ဆံရေးတွေက ကောင်းလို့ပဲ အခုချိန်ထိ ဒီလောက် နှစ်ပေါင်းကြာရှည်စွာ တည်တံ့ခိုင်မြဲနေတာပါ။ နှစ် ၇၀ ပြည့်ကနေပြီး ရှေ့ဆက်ပြီးတော့လဲ ကောင်းဖို့အလားအလာတွေ မြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မ အဖေ ကိုယ်တိုင်လည်း တရုတ်-မြန်မာ ချစ်ကြည်ရေးကို နှစ်ပေါင်းထောင်သောင်းမက တည်တံ့ခိုင်မြဲပါစေဆိုပြီး  ဆုတောင်းခဲ့ဖူးပါတယ်။ အခု အဲလို ဆုတောင်းတဲ့ အတိုင်းပဲ နှစ်နိုင်ငံဟာ ခေတ်အဆက်ဆက်သာ ပြောင်းသွားတယ်။ ဒါပေမယ့် ခေတ်အဆက်ဆက် ခေါင်းဆောင်တွေက  ချစ်ကြည်ရေးကို ဆက်ပြီး သယ်ဆောင်လာတာ ဒီနေ့ အထိ ပါပဲ ”ဟု ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနုက အတိတ်နှင့်ပစ္စုပ္ပန် တရုတ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေး အခြေအနေအပေါ် ရှင်းပြခဲ့သည်။

နှစ်ပေါင်း ထောင်ချီကြာမြင့်ခဲ့သော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှူ ရှိခဲ့သည့် တရုတ်နိုင်ငံ နှင့် မြန်မာနိုင်ငံအကြား သံတမန် ဆက်ဆံရေး ထူထောင်မှု နှစ်ပေါင်း ၇၀ ပြည့်မြောက်သည့် အခါသမယတွင် နှစ်နိုင်ငံ ခေါင်းဆောင်များသည် ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီး အပြန်အလှန် ပေးပို့ကြသလို တရုတ်-မြန်မာ နယ်ပယ်ကဏ္ဍအသီးသီးမှလည်း ထိုသို့ နှစ်ပေါင်း ကြာရှည် တည်တံ့ခိုင်မြဲလာသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှု အပေါ် ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြိုဆိုနေကြသည်ကို မြင်တွေ့နိုင်သည်။

“နှစ်နိုင်ငံ ဆက်ဆံရေးက နှစ် ၇၀ လဲ ရှိလာပါပြီ ။ အခု BRI လုပ်တာ ၊ တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ လုပ်တာတွေဟာ Win – Win ပေါ့။ သူလဲ အကျိုးရှိ ၊ ကိုယ်လဲ အကျိုးရှိတဲ့ လုပ်ငန်းတွေ ဖြစ်တဲ့အတွက် အခုလို နှစ် ၇၀ ပြည့်ကာလမှာ တိုက်တိုက်ဆိုင်ဆိုင် ဒါမျိုးတွေ ရှိလာတာပေါ့ ၊ နောက် သမ္မတကြီး ရှီကျင့်ဖိန်ရဲ့ စီးပွားရေး လုပ်ဆောင်မှုတွေကလည်း အောင်မြင်မှု ရလာပြီးတော့ အခုဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဒုတိယ စီးပွားရေး အင်အားအကြီးဆုံး နိုင်ငံ ဖြစ်လာတယ်။ နယ်မြေချင်း ဆက်စပ်နေတဲ့ မြန်မာနိုင်ငံအဖို့လည်း တရုတ်ပြည်သူ့သမ္မတ နိုင်ငံနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းဟာ ကျွန်တော်တို့အတွက် အကျိုးရှိတယ်။ အဲဒီတော့ နှစ် ၇၀ မှသည် နောင်နှစ်ပေါင်းများစွာ ရေရှည်ဆက်လက်တည်တံ့ ခိုင်မြဲစွာ ချစ်ကြည်ရေး တည်ဆောက်နိုင်ပါစေလို့ ကျွန်တော်ဆုတောင်းပါတယ်။ မျှော်လင့်ပါတယ်။”ဦးဟိန်းလတ်က တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်အခါသမယအပေါ် ဆုတောင်းစကားဆိုခဲ့သည်။ 

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချန်းဟိုင် က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အနေဖြင့် ယခုနှစ်ဆန်းပိုင်းတွင် မြန်မာ နိုင်ငံ သို့ လာရောက် လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံ အနေဖြင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းအား အတူတကွ တည်ဆောက်ရန် သဘောတူညီခဲ့ကြောင်း ၊ ယင်းဆုံးဖြတ်ချက်သည် ခေတ်ကာလ ရေစီးကြောင်း နှင့် လိုက်လျောညီထွေမှုရှိပြီး တရုတ်-မြန်မာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု အတွက်လည်း ကိုက်ညီကြောင်း ၊ ယင်းဆောင်ရွက်မှု က နှစ်နိုင်ငံ ပြည်သူလူထု တို့ ၏ မျှော်လင့်ချက် နှင့်လည်း ကိုက်ညီပြီး တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အတွက် အဆက်မပြတ်သော အားအင်များကို ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာန၏ သီးသန့် တွေ့ဆုံမေးမြန်းမှုတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

သမိုင်းအထောက်အထားများအရ အေဒီ ၄ ရာစုတွင် မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်း ရှိခဲ့ပြီး ခရစ်သက္ကရာဇ် ၈၀၂ ခုနှစ်တွင် ပျူခေတ်မြန်မာအနုပညာရှင်များသည် တရုတ် ထန်မင်းဆက်ခေတ် ချန်အန်းမင်းနေပြည်တော်ရှိ သဘင်နန်းဆောင်၌ သွားရောက် ဖျော်ဖြေတင်ဆက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။  

၁၉၄၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စတင်ထူထောင်ချိန်၌ နိုင်ငံရေးစနစ် ကျင့်သုံးသည့် မတူညီသော နိုင်ငံတစ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံထူထောင်ခြင်းကို ပထမဆုံး အသိအမှတ်ပြုခဲ့သည့် နိုင်ငံတစ်နိုင်ဖြစ်ခဲ့သည်။  ၁၉၅၀ ပြည့်နှစ် ဇွန် ၈ ရက်တွင် နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး စတင်ထူထောင်ခဲ့ရာ ယနေ့၂၀၂၀ ပြည့်နှစ် ဇွန် ၈ ရက်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ်ပေါင်း ၇၀ တင်းတင်း ပြည့်မြောက်သည့်  မင်္ဂလာရက်မြတ် နေ့ထူးနေ့မြတ်ပင် ဖြစ်ပေတော့သည်။ (Xinhua)