Connect with us

Africa & Middle East

ယီမင်နိုင်ငံ တောင်ပိုင်း ဝတ်ပြုဗလီတစ်ခု တိုက်ခိုက်ခံရ ၊ လူ ၅ ဦးသေဆုံး

ယီမင်နိုင်ငံ ဆာနားရှိဝတ်ပြုဗလီကျောင်းတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

ကူဝိတ်စီးတီး၊ ဇွန် ၉ ရက်(ဆင်ဟွာ)

ယီမင်နိုင်ငံ တောင်ပိုင်း Dhalea ပြည်နယ်ရှိ ဗလီဝတ်ပြုကျောင်းတစ်ခု ဇွန် ၇ ရက်က တိုက်ခိုက်ခံရမှုဖြစ်ပွား ရာ အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အခြားလူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ယီမင်လုံခြုံရေးဌာန အရာရှိတစ်ဦးက အချင်းဖြစ်ပွားသောနေ့တွင် ပြောကြားခဲ့သည်။

အချင်းဖြစ် ဗလီဝတ်ကျောင်းသည် Dhaleaပြည်နယ် အနောက်ပိုင်း ယီမင်အစိုးရတပ် ထိန်းချုပ်သည့်နယ်မြေတွင် ရှိကြောင်း အမည်မဖော်လိုသူ လုံခြုံရေးအရာရှိတစ်ဦးက ဆိုသည်။ တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် ဗလီကျောင်းအတွင်း ဝတ်ပြုနေချိန်ဖြစ်ကြောင်း ၊ မျက်နှာဖုံးစွပ် လက်နက်ကိုင်အချို့ ဗလီအတွင်းသို့ဝင်ရောက်လာပြီး လူအုပ်ကြီးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် ဓါးစာခံ ၃ ဦးကို ဖမ်းဆီးသွားပြီး ကားမောင်းထွက်ပြေးသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ မည်သည့်အဖွဲ့အစည်းကမျှ ကြေညာချက်ထုတ်ပြန်ထားခြင်း မရှိသေးကြောင်းသိရသည်။ ယခုတိုက်ခိုက်မှုမှာ ISအစွန်းရောက်အဖွဲ့၏လက်ချက်ဖြစ်နိုင်ကြောင်း လုံခြုံရေးအရာရှိတစ်ဦးက ဆိုသည်။ ယခုနှစ်များတွင် ယီမင်နိုင်ငံသည် ပြည်တွင်းစစ်ကြောင့် အခြေအနေများရှုပ်ထွေးလျက်ရှိကြောင်း ၊ အယ်လ်ကိုင်းဒါး အာရေဗျကျွန်းဆွယ် အဖွဲ့ခွဲနှင့် IS အစွန်းရောက်များက ယီမင်တွင် လှုပ်ရှားမှုများပြားလျက်ရှိရာ အကြမ်းဖက်တိုက်ခိုက်များလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။(Xinhua)