Africa & Middle East
“အီရန်ကိုစောင့်ကြည့်ရန်” အီရတ်မြေကို အသုံးပြုမည့် ထရမ့်၏ အစီအစဉ်ကို အီရတ်ရှီယိုက်ဘာသာရေးခေါင်းဆောင်ပယ်ချ
ဘဂ္ဂဒက် ၊ ဖေဖော်ဝါရီ ၅ ရက်(ဆင်ဟွာ)
အီရန်နိုင်ငံကိုစောင့်ကြည့်ရန်အတွက် အီရတ်နိုင်ငံ၌ အမေရိကန်တပ်ဖွဲ့များ ဆက်လက်တပ်စွဲထားမည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ထုတ်ပြန်ချက်အပေါ် ရှီယိုက်ဘာသာရေးခေါင်းဆောင် နှင့် အီရတ်နိုင်ငံ တွေးခေါ်မြော်မြင်မှုလှုပ်ရှားရေးအဖွဲ့အကြီးအကဲ အမ်မာအယ်လ်ဟက်ကင်း(Ammar al-Hakim) က ဖေဖော်ဝါရီ ၄ ရက်တွင် ပယ်ချလိုက်သည်။
“ အိမ်နီးချင်းနိုင်ငံတွေကို ထိန်းချုပ်ဖို့ဒါမှမဟုတ် ရန်စတာ ၊ စောင့်ကြည့်တာလုပ်မယ့် ပလက်ဖောင်းတစ်ခုအဖြစ်အသုံးပြုဖို့ဒါမှမဟုတ် ဒေသတွင်းနဲ့နိုင်ငံတကာရည်မှန်းချက်ကို အဖြေရှာဖို့အီရတ်မြေကို အသုံးချမယ့် အစီအစဉ်ကို လုံးဝ လက်မခံပါဘူး” ဟု အယ်လ်ဟက်ကင်းက တွစ်တာတွင် ရေးသားခဲ့သည်။
“ အီရတ်နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းချက်ရှိပါတယ်။ အီရတ်ဟာ ဒေသတွင်း နဲ့ကမ္ဘာ့လုံခြုံရေး နဲ့တည်ငြိမ်ရေးကို လုံးဝ ခြိမ်းခြောက်လို့မရပါဘူး။ ဒါကြောင့် အိမ်နီးချင်းနိုင်ငံတွေကို ထိခိုက်အောင် ကျွန်တော်တို့နိုင်ငံကို ပလက်ဖောင်းတစ်ခုအဖြစ် အသုံးပြုတာဟာ ကျွန်တော်တို့ရဲ့ အမျိုးသားအကျိုးစီးပွား နဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေတယ်ဆိုတာကို သုံးသပ်ရမှာပါ” ဟု ၎င်းကဆိုသည်။
အီရတ်နိုင်ငံသမ္မတ ဘာဟမ်ဆာလိ (Barham Salih) က ထရမ့်၏ အီရန်ကို စောင့်ကြည့်မည့် အစီအစဉ်ကို အီရတ်ထံခွင့်ပြုချက် တောင်းခံခဲ့ခြင်း မရှိကြောင်း အစောပိုင်းတွင် ပြောကြားခဲ့သည်။
“ အခုလက်ရှိမှာ အမေရိကန်တပ်ဖွဲ့ဟာ နှစ်နိုင်ငံသဘောတူညီချက်အရ တရားဝင်တပ်စွဲထားတာပါ။ အဲဒီသဘောတူညီချက်ကို ကျော်ပြီး ဘယ်လုပ်ဆောင်မှုမျိုးကိုမဆို လက်မခံပါဘူး” ဟု ဘဂ္ဂဒက်မြို့၌ ပြုလုပ်သည့် ဖိုရမ်တစ်ခုတွင် ဆာလိက ဆိုသည်။
အမေရိကန်တပ်ဖွဲ့သည် အိုင်အက်စ်(IS) တို့ကို နှိမ်နင်းရန်တစ်စိတ်တစ်ပိုင်းအဖြစ် ဆီးရီးယား နှင့် အီရတ် နှစ်နိုင်ငံစလုံးတွင် မြေပြင်တိုက်ခိုက်မှု နှင့် လေကြောင်းတိုက်ခတ်မှု လုပ်ဆောင်ရန်အတွက် အီရတ်နိုင်ငံအနှံ့အပြားတွင် စစ်အခြေစိုက် စခန်းများတည်ဆောက်ထားသည်။
သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏အစိုးရသက်တမ်းတွင် အီရန်အားစောင့်ကြည့်ရန် အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ကို ဆက်လက်ထားရှိမည့်အကြောင်း ပြောကြားခဲ့သည်ကို အမေရိကန်သတင်းဌာနများက ဖော်ပြခဲ့ပြီး အီရတ်နိုင်ငံ၌ အခြေစိုက်စခန်းတစ်ခုဖွင့်လှစ်ထားခြင်းဖြစ် အရှေ့အလယ်ပိုင်းဒေသကို စောင့်ကြည့်သွားရန် ဖြစ်ကြောင်း ဖော်ပြထားသည်။
အမေရိကန်အခြေစိုက် CBS ရုပ်မြင်သံကြားသတင်းဌာနဖြင့် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတွင် ထရမ့်က “အီရန်အားစောင့်ကြည့်ရန်” အီရတ်၌ အမေရိကန်တပ်ဖွဲ့များ ထားရှိခြင်းမှာ အလွန်အရေးကြီးကြောင်း ပြောကြားခဲ့ပြီး ယင်းမှာ အီရန်အားတိုက်ခိုက်ရန်အတွက် မဟုတ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)