Africa & Middle East
ဆော်ဒီအာရေဗျ ရှိ မြို့နှစ်မြို့တွင် အကြမ်းဖက်သမား ၁၀ဦးကျော် ဖမ်းဆီးရမိ

ရီယာ့ဒ်၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ)
ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့ နှင့် Medina မြို့များ၌ ပြုလုပ်ခဲ့သော စီးနင်းမှုများအတွင်း ဆော်ဒီ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်သမား ၁၀ဦးကျော်အား ဖေဖော်ဝါရီ ၁၁ ရက်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ပြည်တွင်းအွန်လိုင်း သတင်းဋ္ဌာနတစ်ခုဖြစ်သည့် Sabq ကဖော်ပြခဲ့သည်။
အကြမ်းဖက်အုပ်စုများကို တားဆီးတိုက်ဖျက်သည့် စစ်ဆင်ရေးများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် စီးနင်းမှုများအား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးဋ္ဌာန က တရားဝင်ထုတ်ပြန်ချက်များ မထုတ်ပြန်သေးသော်လည်း Sabq သတင်းဋ္ဌာနက တရားခံများ နှင့်အတူ သေနတ်များ၊ ချွန်ထက်သည့် အရာဝတ္ထုများ ကိုသိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြခဲ့သည်။
ဇန်နဝါရီလကလည်း ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့၌ ဆော်ဒီနိုင်ငံသား ၃ဦး၊ ပါကစ္စတန်နိုင်ငံသား ၁၀ဦး နှင့် အကြမ်းဖက်သမား ၁၆ဦးကို ဖမ်းဆီးရမိခဲ့ပြီး အစွန်းရောက် နှစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက အသေဖမ်းဆီးခဲ့ကြောင်း သိရသည်။
ဆော်ဒီအာရေဗျနိုင်ငံသည် IS အစွန်းရောက်အဖွဲ့ကို အဓိကထားသော အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ပွဲတွင် ပါဝင်ခဲ့သည်မှာ နှစ်အတန်ကြာ ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)