Africa & Middle East
ယူအေအီး အိမ်ရှေ့မင်းသားနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတို့ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုများ ဆွေးနွေး

အဘူဒါဘီ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)
ယူအေအီးနိုင်ငံ အိမ်ရှေ့မင်းသား ရှိတ် မိုဟာမက် ဘင် ဇေယတ် အယ်လ်-နာယန် (Shrikh Mohammed bin Zayed Al-Nahyan) သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို (Mike Pompeo) နှင့် ဇန်နဝါရီလ ၁၂ ရက်က တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် အပြန်အလှန် အကျိုးစီးပွား ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြောင်း ယူအေအီးနိုင်ငံပိုင် WAM သတင်းအေဂျင်စီအရ သိရသည်။
လက်ရှိတွင် ပွမ်ပီယိုသည် ဂျော်ဒန်၊ အီရတ်၊ အီဂျစ်၊ ဘာရိန်း၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ ကူဝိတ်နှင့် အိုမန် စသည့် အရှေ့အလယ်ပိုင်း ခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သို့ ရောက်ရှိနေခြင်း ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် နှစ်နိုင်ငံအကြား ရှိနှင့်ပြီးသား နယ်ပယ်စုံ ပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ မဟာဗျူဟာမြောက်သော အကျိုးစီးပွားများကို ပိုမိုကောင်းမွန်စွာ လုပ်ဆောင်ကာ ဖွံ့ဖြိုးတိုးတက်စေရန် ပြောကြားခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ယူအေအီးနိုင်ငံ အမျိုးသား လုံခြုံရေးအကြံပေး ရှိတ် တန်နောင် ဘင် ဇေယတ် အယ်လ် နာယန် (Sheikh Tahnoun bin Zayed Al Nahyan) နှင့် နိုင်ငံခြားရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီး ရှိတ် အဗ္ဗဒူလ်လာ ဘင် ဇေယတ် အယ်လ် နာယန် (Sheikh Abdullah bin Zayed Al Nahyan) တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)