Africa & Middle East
အစ္စရေးတောင်ပိုင်း တိုက်ခိုက်မှုသည် ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း ပါလက်စတိုင်း လက်နက်ကိုင်များက ဆို

ဂါဇာ ၊ မေ ၃၀ ရက်(ဆင်ဟွာ)
အစ္စရေးတောင်ပိုင်းကို မေ ၂၉ ရက်တွင် အမြောက်ကျည်၊ဒုံးကျည် ဒါဇင်နှင့်ချီပြီး ပစ်ခတ်ခဲ့ကြောင်း အစ္စလာမ်မစ် ဟားမတ်စ် လက်အောက်ရှိ Al-Qassam လက်နက်ကိုင်အဖွဲ့နှင့် အစ္စလာမ်မစ် Jihad လက်အောက်ရှိ Liwa al-Qudsလက်နက်ကိုင်အဖွဲ့က ယင်းနေ့ညပိုင်းတွင် ကြေညာခဲ့သည်။
ထိုတိုက်ခိုက်မှုသည် အစ္စရေးတို့ ပါလက်စတိုင်းပြည်သူများနှင့်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို နှောက်ယှက်တိုက်ခိုက်ခြင်းကြောင့် လက်တုံ့ပြန်ရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ အခြေအနေတင်းမာမှုများ တိုးမြင့်လာရခြင်းမှာ အစ္စရေးတို့ လက်ချက်ဖြစ်ကြောင်း၊ မည်သည့်ပေးဆပ်မှုမျိုးနှင့်မဆို နည်းတူတန်ပြန်လက်တုံ့ပြန်သွားမည်ဖြစ်ကြောင်း Al-Qassamနှင့် Liwa al-Qudsတို့၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
အစ္စရေးစစ်တပ်က မေ ၂၇ ရက်တွင် ဂါဇာတောင်ပိုင်း ကင်းစောင့်စခန်းတစ်ခုကို အမြောက်နှင့် တိုက်ခိုက်ခဲ့ရာ လူ သုံး ဦး သေဆုံးခဲ့ပြီး မေ ၂၈ ရက်တွင် ဂါဇာ မြောက်ပိုင်း ကင်းစောင့်စခန်း တစ်ခုကို ထပ်မံတိုက်ခိုက်ခဲ့ရာ လူ တစ် ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)