Africa & Middle East
အမေရိကန်-အီရန်အရေး ဆွေးနွေးရန် အီရန်နိုင်ငံခြားရေးဝန်ကြီး အီရတ်သို့ သွားရောက်

ဘဂ္ဂဒက်၊ မေ ၂၆ ရက်(ဆင်ဟွာ)
အီရန်နိုင်ငံခြားရေးဝန်ကြီး Mohammad Javad Zarif သည် မေ ၂၅ ရက်က အီရတ်နိုင်ငံ မြို့တော် ဘဂ္ဂဒက်သို့ ရောက်ရှိလာခဲ့ပြီး ၂ ရက်ကြာအီရတ် ခရီးစဉ်ကို စတင်ခဲ့ကြောင်းသိရသည်။ Mohammad Javad Zarif က အီရတ် ခေါင်းဆောင်များနှင့် အမေရိကန်-အီရန်နှစ်နိုင်ငံအကြား တင်းမမှုဖြစ်ပွားနေသည့် အခြေအနေများကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း အီရတ်မီဒီယာ သတင်းများအရ သိရသည်။
ယခုခရီးစဉ်တွင် အီရန်နိုင်ငံခြားရေးဝန်ကြီးသည် အီရတ်နိုင်ငံ သမ္မတ Barham Salih ၊ ဝန်ကြီးချုပ် Adel Abdul Mahdi ၊ လွှတ်တော်ဥက္ကဋ္ဌ Mohammed al-Halbousi ၊ နိုင်ငံခြားရေးဝန်ကြီး Mohammad al-Hakim တို့နှင့်တွေ့ဆုံသွားမည်ဖြစ်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရန်၊ လက်ရှိဒေသတွင်းအခြေအနေနှင့် အမေရိကန်-အီရန် တစ်နေ့တစ်ခြား တင်းမာလာသည့် ဆက်ဆံရေး စသည်တို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း အီရတ်နိုင်ငံပိုင် ရုပ်မြင်သံကြားဌာန၏ မေ၂၅ ရက် သတင်းများက ဆိုသည်။
အီရတ်သည် အမေရိကန်၊အီရန် နှစ်နိုင်ငံစလုံးနှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိရာ တောင်းဆိုမှုရှိမည် ဆိုပါက အီရတ်အနေဖြင့် ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးသွားလိုကြောင်း အီရတ် လွှတ်တော်ဥက္ကဋ္ဌ Mohammed al-Halbousiက မေ ၂၅ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်နှင့်အီရန်အကြား တင်းမာမှုဖြစ်ပွားသည့်အခြေအနေကို ဖြေလျှော့ရန် အီရတ် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ကူညီသွားမည်ဖြစ်ကြောင်း အီရတ် ဝန်ကြီးချုပ် Adel Abdul Mahdiက မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
အီရန်နှင့်အမေရိကန် ဆက်ဆံရေးသည် ယခုကာလများတွင် ဆက်တိုက်တင်းမာလျက်ရှိသည်။ ယခုနှစ် ဧပြီတွင် အမေရိကန် က အီရန်အစ္စလာမ္မစ်တော်လှန်ရေး တပ်ဖွဲ့(IRGC)ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ရာ မကြာမီ အီရန်ကလည်း အမေရိကန် ဗဟိုစစ်ဌာနချုပ်နှင့် ၎င်း၏ အနောက်အာရှတွင် အခြေစိုက်ထားသည့် တပ်ဖွဲ့အား အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ သည်။ မေလ လဆန်းပိုင်းတွင် အမေရိကန်က လေယာဉ်တင် သင်္ဘောနှင့် ဗုံးကြဲလေယာဉ် အထူး တပ်ဖွဲ့ များကို အရှေ့အလယ်ပိုင်းတွင် တပ်ချထားပြီး အီရန်၏ခြိမ်းခြောက်မှုများကို တုံ့ပြန် သွားမည် ဟု ကြေညာခဲ့သည်။ အီရန်သည် လက်ရှိတွင် အဆင့်မြင့်ဆုံး စစ်ရေးကာကွယ်မှုအနေအထားရှိရာ ခြိမ်းခြောက်မှုများကိုရင်ဆိုင်ရန် အသင့်ပြင်ထားပြီး ဖြစ်ကြောင်း အီရန် ကာကွယ်ရေးဝန်ကြီးAmir Hatami က မေ ၁၅ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)