Connect with us

Asia

ဂျပန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူ ၂၄ ဦး ရှိပြီး ၅၀ ကျော် ပျောက်ဆုံး

ဂျပန်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လမ်းများရေပြည့်လျှံနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံတွင် နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သေဆုံးသူ ၂၄ ဦးရှိပြီး လူ ၅၀ ကျော် ပျောက်ဆုံးနေကြောင်း သိရသည်။

ဂျပန်နိုင်ငံအနောက်ပိုင်းကို ဗဟိုပြုပြီး နေရာအမြောက်အမြားတွင် ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လမ်းများပေါ်တွင်ရေပြည်လျှံခြင်း၊ မြေပြိုခြင်း၊ မြစ်ရေကြီးခြင်းများ ဖြစ်ပွားလျက် ရှိသည်။ ဇူလိုင် ၇ ရက် ဒေသစံတော်ချိန် ၁၆ နာရီ ခန့်အထိ သေဆုံးသူ ၂၄ ဦး ရှိပြီး လူ ၅၀ ကျော် ပျောက်ဆုံးနေကြောင်း Kyodo News၏ သတင်းများအရ သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပွားသည့် ဆုံးရှုံးမှုများကို ဖြေရှင်းကိုင်တွယ်ရန်နှင့် သက်ဆိုင်ရာ ဌာနများကို ဆက်သွယ်ဆောင်ရွက်ရန် ဂျပန်အစိုးရက ဇူလိုင် ၇ ရက်တွင် ဘေးအန္တရာယ်စီမံခန့်ခွဲရေး စင်တာ ဖွင့်လှစ်ထားကြောင်း သိရသည်။ လက်ရှိ ဂျပန်ကာကွယ်ရေးတပ်ဖွဲ့၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင် ၄၈၀၀၀ ခန့် ကို ကူညီကယ်ဆယ်မှုများ ဆောင်ရွက်ရန် စေလွှတ်ထားကြောင်း သိရသည်။

၅ ရက် ဆက်တိုက် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နှစ်ပေါင်းများစွာအတွင်း တစ်ကြိမ်သာ ကြုံတွေ့ရသည့် ဆိုးဝါးသည့် ကပ်ဘေးနှင့်ကြုံတွေ့နေရသည်ဟု ဂျပန်မိုးလေဝသအေဂျင်စီက ဆိုသည်။ ဂျပန်မိုးလေဝသအေဂျင်စီက ဇူလိုင် ၇ ရက် ညနေပိုင်းတွင် Gifu စီရင်စု၌ မိုးသည်းထန်စွာရွာသွန်းမှု သတိပေးချက် ထုတ်ပြန်ထားပြီး Kyoto၊ Okayama၊ Hyogo စီရင်စုများတွင်လည်း သတိပေးချက်များ ဆက်လက်ထုတ်ပြန်ထားကြောင်း သိရသည်။ (Xinhua)