Connect with us

Asia

တရုတ်-စင်ကာပူ မြို့ပြဒေသ အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေး နှစ်နိုင်ငံတပ်ဖွဲ့ဝင်များ ပူးတွဲ လေ့ကျင့်

တရုတ်-စင်ကာပူ မြို့ ပြဒေသ အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေး နှစ်နိုင်ငံပူးတွဲလေ့ကျင့်ရေး အစီအစဉ် ဖွင့်ပွဲအခမ်းအနား မြင်ကွင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

စင်ကာပူ ၊ ဇူလိုင် ၂၈ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) နှင့် စင်ကာပူလက်နက်ကိုင်တပ်ဖွဲ့တို့ပူးပေါင်း၍ စင်ကာပူနိုင်ငံ ဂျူရွန်း(Jurong) အခြေစိုက်စခန်းတွင် မြို့ပြဒေသ ဆိုင်ရာ အကြမ်းဖက်မှု တန်ပြန်တိုက်ခိုက်ရေး နှစ်နိုင်ငံအကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုကို ဇူလိုင် ၂၇ ရက်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၅ ရက်အထိ ပြုလုပ်မည့် နှစ်နိုင်ငံပူးတွဲလေ့ကျင့်ရေးအစီအစဉ်တွင် နှစ်ဖက် တပ်ဖွဲ့ဝင်ပေါင်း ၂၄ဝ ဦး ပါဝင်မည်ဖြစ်သည်။ ယင်းအစီအစဉ်တွင် မြို့ပြတိုက်တာအမိုးများ ပေါ်သို့တွယ်တက်ရေးလေ့ကျင့်ခန်း ၊ ပစ်ခတ်တိုက်ခိုက်ခြင်းလေ့ကျင့်ခန်း နှင့် မြို့ထဲ ဝင်ရောက်စီးနင်းမှု မပြုလုပ်မီကြိုတင် သတင်းထောက်လှမ်းခြင်းဆိုင်ရာလေ့ကျင့်ခန်းများအပါအဝင် နည်းပညာပိုင်းဆိုင်ရာ လေ့ကျင့်ရေးအစီအစဉ်များပါဝင်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံ အမှတ် ၃ စစ်တိုင်းမှူး ဗိုလ်မှူးချုပ် Frederick Choo နှင့် တရုတ်နိုင်ငံတောင်ပိုင်းတိုင်းစစ်ဌာန ဒုတိယနိုင်ငံရေးရာမှူး ဗိုလ်ချုပ် Liu Jia တို့က နှစ်နိုင်ငံပူးတွဲလေ့ကျင့်ရေးအစီအစဉ်ဖွင့်ပွဲအခမ်းအနားသို့တရားဝင် အတူတကွ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် Choo က မိန့်ခွန်းပြောကြားရာ၌ စင်ကာပူ နှင့် တရုတ် နိုင်ငံတို့အကြား ပူးတွဲလေ့ကျင့်ရေးအစီအစဉ်သည် နှစ်နိုင်ငံကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေး၏ မှတ်ကျောက်တစ်ခုဖြစ်ပြီး နှစ်နိုင်ငံအကြား အနီးကပ်ဆက်ဆံရေးအတွက် အလွန်တန်ဖိုးရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တရုတ်ဗိုလ်ချုပ် Liu Jia က တရုတ် နှင့် စင်ကာပူ နိုင်ငံသည် ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးသည့် သမိုင်အစဉ်အလာရှိကြောင်း နှင့် သမိုင်းဝင် စစ်ဘက်ဆိုင်ရာ အပြန်အလှန်ဖလှယ်မှုသည် နှစ်နိုင်ငံစစ်တပ်အကြား ချစ်ကြည်ရင်းနှီးမှုစာမျက်နှာသစ်တစ်ခုကို ဖွင့်လှစ်ရန် ပူးပေါင်းလုပ်ဆောင်မှုဖြစ်သကဲ့သို့ နှစ်ဖက်ချိတ်ဆက်ဆောင်ရွက်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် အပြန်အလှန်နားလည်မှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-စင်ကာပူ နှစ်နိုင်ငံအကြား မြို့ပြဒေသအကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေးပူးတွဲလေ့ကျင့်မှုကို တရုတ်နိုင်ငံ Guilin မြို့၌ ၂ဝဝ၉ ခုနှစ်တွင် ပထမဆုံးအကြိမ် လုပ်ဆောင်ခဲ့ပြီး ယခုစင်ကာပူ၌ ပြုလုပ်သောလေ့ကျင့်မှုမှာ စတုတ္ထအကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။(Xinhua)