Asia
တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ အဆင့်မြင့် အစည်းအဝေး မှ တောင်ကိုရီးယား ဆောင်းရာသီ အိုလံပစ် သို့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ နှင့် အားကစား အဖွဲ့ စေလွှတ်ရန် မြောက်ကိုရီးယား သဘောတူ

ဆိုးလ် ၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)
တောင်ကိုရီးယား နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ယနေ့ကျင်းပ ပြုလုပ်ခဲ့သည့် တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ အဆင့်မြင့် အစည်းအဝေး တွင် မြောက်ကိုရီးယား နိုင်ငံ က တောင်ကိုရီးယား နိုင်ငံ တွင်ကျင်းပ သည့် Pyeongchang ဆောင်းရာသီ အိုလံပစ် သို့ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ ၊ အားကစား အဖွဲ့ နှင့် အောင်နိုင်ရေး အဖွဲ့ စေလွှတ်ရန် သဘောတူညီ လိုက်ကြောင်း သိရှိရသည်။
တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ အဆင့်မြင့် အစည်းအဝေး နံနက်ပိုင်း အစည်းအဝေး အပြီး ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် တောင်ကိုရီးယား နိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာန အရာရှိ က အစည်းအဝေး အတွင်း တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ မှ Pyeongchang ဆောင်းရာသီ အိုလံပစ် ဖွင့်ပွဲ အခမ်းအနား တွင် အတူတကွ ကွင်းအတွင်း ဝင်ရောက်ရန် နှင့် မြောက်ကိုရီးယား နိုင်ငံ မှ အသင်း အောင်နိုင်ရေး အားပေးမှု အဖွဲ့ တို့ကို စေလွှတ်ရန် ဆွေးနွေး ခဲ့ကြောင်း ပြောကြား ခဲ့သည်။
အစည်းအဝေး တွင် တောင်ကိုရီးယား နိုင်ငံ က ဖေဖော်ဝါရီ လတွင် ကျရောက်မည့် ရိုးရာနှစ်သစ်ကူးပွဲ ၌် ကွဲကွာနေသည့် မိသားစုများ ပြန်လည် တွေ့ဆုံ နိုင်ရန် အတွက် ကြက်ခြေနီ အဖွဲ့ အစည်းအဝေး တစ်ရပ် ကျင်းပ ရန်လည်း အဆိုပြု ခဲ့သည်။
ထို့ပြင် တောင်ကိုရီးယား နိုင်ငံ က မြောက်ကိုရီးယား နိုင်ငံ နှင့် စစ်ဘက်ဆိုင်ရာ အစည်းအဝေး ကျင်းပခြင်းဖြင့် နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ထိတွေ့တိုက်ခိုက်မှုများ ဖြစ်ပွားခြင်းကို ကာကွယ်ရန် အကြံပြုခဲ့သည်။
တောင်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ နှင့် မြောက်ကိုရီးယား အမျိုးသား အိုလံပစ် ကော်မတီ ကိုယ်စားလှယ် အဖွဲ့ စေလွှတ်ရန် သဘောတူညီ ခဲ့သည့် အပြင် အားကစားသမားအဖွဲ့ ၊ အသင်း အောင်နိုင်ရေး အားပေးမှု အဖွဲ့ ၊ အနုပညာ အဖွဲ့ ၊ လေ့လာရေး အဖွဲ့ ၊ တိုက်ကွမ်ဒို သရုပ်ပြ အဖွဲ့ နှင့် သတင်းမီဒီယာ အဖွဲ့ တို့ကို လည်း တောင်ကိုရီးယား နိုင်ငံ သို့ စေလွှတ်မည် ဖြစ်ကြောင်း သိရှိရသည်။
အဆင့်မြင့် အစည်း အပြီး တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ တို့မှ ဆွေးနွေးမှု ရလဒ် ပူးတွဲသတင်းထုတ်ပြန်ချက် မူကြမ်း ကို အပြန်အလှန် လဲလှယ် ခဲ့ကြပြီး ဆက်လက်၍ မူကြမ်းအား အသေးစိတ် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
တောင်-မြောက် ကိုရီးယား နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့တို့က ယနေ့ နံနက် ဒေသစံတော်ချိန် ၁၀ နာရီအချိန်တွင် နှစ်နိုင်ငံ နယ်စပ်ရှိ ပန်မွန်ဂျုံရွာ (Panmunjom)၌ အဆင့်မြင့် အစည်းအဝေး တစ်ရပ် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကာ ယခု ကျင်းပ ခဲ့သည့် အစည်းအဝေး မှာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ လတွင် ကျင်းပ ခဲ့သည့် နှစ်နိုင်ငံ ဒုတိယ ဝန်ကြီးအဆင့် အစည်းအဝေး ပြီးနောက် ပထမ ဦးဆုံး အကြိမ် ကျင်းပ ပြုလုပ် ခဲ့သည့် နှစ်နိုင်ငံ အစိုးရ အကြား အစည်းအဝေး တစ်ရပ် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)