Connect with us

Asia

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းတွင် သဘာဝဘေးအန္တရာယ်ကြောင့် လူ ၁၁၇ ဦးသေဆုံးပြီး ၂၁ ဦး ပျောက်ဆုံး

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Ninh Thuan ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာတစ်ရွာ ရေနစ်မြုပ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- VNA via Xinhua)

ဟနွိုင်း၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းနှင့် အလယ်ပိုင်းကုန်းမြင့်ဒေသများတွင် အောက်တိုဘာလ အစောပိုင်းကစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများနှင့် အခြားသော သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်ကာ လူပေါင်း ၁၁၇ ဦး သေဆုံးပြီး ၂၁ ဦး ပျောက်ဆုံးနေကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး ဗဟိုဦးဆောင်ကော်မတီက အောက်တိုဘာ ၂၃ ရက်၌ ပြောကြားခဲ့သည်။

အဆိုပါ သေဆုံးသူအရေအတွက်မှာ အောက်တိုဘာ ၂၂ ရက်က ၁၁၄ ဦးရှိရာမှ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။ လူသေဆုံးမှုအနေဖြင့် Quang Tri ပြည်နယ်တွင် ၅၀ ဦးဖြင့်အများဆုံးဖြစ်ပြီး ယင်းနောက်တွင် Thua Thien-Hue ပြည်နယ်တွင် ၂၈ ဦးနှင့် Quang Binh ပြည်နယ်တွင် ၁၁ ဦး ရှိခဲ့ကြောင်း ကော်မတီ၏ နောက်ဆုံးအစီရင်ခံစာအရ သိရသည်။

အောက်တိုဘာ ၂၂ ရက်အထိ ရေကြီးရေလျှံမှုများကြောင့် အိမ်ခြေ ၃၇,၅၀၀ ပျက်စီးခဲ့ရာ Quang Binh နှင့် Quang Tri ပြည်နယ်များရှိ ဒေသများ အဓိကပါဝင်ကြောင်း၊ ကျွဲနွားများနှင့် မွေးမြူရေး တိရစ္တာန် ၇၄၆,၉၀၀ ကျော်မှာလည်း သေဆုံးခြင်း သို့မဟုတ် ရေစီးနှင့်မျောပါခြင်းများ ဖြစ်ပွားခဲ့ကြောင်း ကော်မတီက ဆိုသည်။

ထို့ပြင် သဘာဝဘေးကြောင့် Quang Binh နှင့် Quang Tri ပြည်နယ်များရှိ အဝေးပြေးလမ်းမများနှင့် ဒေသတွင်းလမ်းများ ပျက်စီးနေဆဲဖြစ်ကြောင်း သိရသည်။

ထပ်မံ၍ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများအပြင် သဘာဝဘေးအန္တရာယ်အလွန် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် အာဏာပိုင်များနှင့် ဒေသခံတစ်ဦးတစ်ယောက်စီတိုင်းအနေဖြင့် လာမည့်ရက်အနည်းငယ်အတွင်း ဗီယက်နမ်အလယ်ပိုင်းဒေသများသို့ ဝင်ရောက်နိုင်သည့် Saudel မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန် တိုက်တွန်းထားကြောင်း သိရသည်။ (Xinhua)