Connect with us

Asia

မြစ်အတွင်း ရေချိုးနေသည့် ဗီယက်နမ် လူငယ် ၄ ဦး ရေနစ်သေဆုံး

ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့သည့် ဗီယက်နမ်နိုင်ငံရှိ ဒါမြစ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ဖူသိုပြည်နယ်ရှိ မြစ်တစ်စင်းတွင် ရေကူးနေကြသော လူငယ် ၄ ဦး ရေနစ်သေဆုံးခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဇူလိုင်လ ၁၇ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

မြို့တော် ဟနွိုင်းနှင့် မြောက်ပိုင်း သန်ဟွာပြည်နယ်မှ အသက် ၂၁ နှစ်အရွယ် ကောလိပ်ကျောင်းသား ၃ ဦး၊ ဖူသိုပြည်နယ်မှ အသက် ၁၇ နှစ်အရွယ်တစ်ဦးတို့သည် ဇူလိုင်လ ၁၆ ရက်မွန်းလွဲပိုင်းက သန်သူခရိုင်ရှိ ဒါမြစ်တွင် ရေချိုးနေကြစဉ် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ရုပ်အလောင်းများအား ဇူလိုင်လ ၁၆ ရက် ညတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

“ရေနစ်သေဆုံးခြင်းက အသံတိတ် ကပ်ရောဂါတစ်ခုဖြစ်ပြီး ဗီယက်နမ်နိုင်ငံမှာ နှစ်စဉ် ကလေး ၂,၀၀၀ ကျော် သေဆုံးလျက်ရှိပါတယ်” ဟု ဗီယက်နမ်နိုင်ငံရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ပြောခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် အခြားအရှေ့တောင်အာရှနိုင်ငံများထက် ကလေးရေနစ်သေဆုံးမှုနှုန်း မြင့်မားပြီး ဖွံ့ဖြိုးပြီးနိုင်ငံများထက် ၁၀ ဆကျော်မြင့်မားလျက်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)